M16 ကျည်ခွံများ၊ ကျည်ကပ်များနှင့်အတူ မြန်မာအမျိုးသမီး ၁ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

M16 ကျည်ခွံများ၊ ကျည်ကပ်များနှင့်အတူ မြန်မာအမျိုးသမီး ၁ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီပြည်နယ် ဆန်ခလာ ဘူရီ ခရိုင်တွင် M16 ကျည်ခွံအတောင့် ၉၂၀ နှင့် M16 ကျည်များ ဖြည့်ထားသည့် ကျည်ကပ် ၂၄ ခု တို့ တရားမဝင် လက်ဝယ်တွေ့ရှိမှုဖြင့် မြန်မာအမျိုးသမီး တဦး စက်တင်ဘာ ၁၆ ရက်က ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်အရ သိရသည်။

ဆန်ခလာ ဘူရီ ခရိုင် နုံလူ ခရိုင်ခွဲ Moo 2 ကျေးရွာရှိ ပုဂ္ဂလိက ပစ္စည်းပို့ကုမ္ပဏီတခု၏ ရုံးခန်း၌ ကျည်ဆန်များဟု ယူဆရသည့် ပစ္စည်းများ ပါနေသည့် အညိုရောင် ပါဆယ်ထုပ်တထုပ် တွေ့ရှိကြောင်း ကုမ္ပဏီဝန်ထမ်းများက အကြောင်းကြား၍ ထိုရုံးသို့ ထိုင်းရဲများ သွားရောက်ခဲ့သည်ဟု ဆိုသည်။ အပေါက်တခုမှတဆင့် ပါဆယ်ထုပ်ထဲ ကြည့်ခဲ့ပြီး ထိုပစ္စည်းများကို တွေ့ခဲ့သည်ဟု ဝန်ထမ်းများက ပြောသည်။

ထို ပါဆယ်ထုပ်သည် နုံလူ ခရိုင်ခွဲ Moo 2 ကျေးရွာရှိ အိမ်အမှတ် ၂၄၁ သို့ ပေးပို့ရန် လိပ်စာတပ်ထားကြောင်း သိရသည်။ ယင်းကို ချွန်ဘူရီ ပြည်နယ် ဘန်ဘန်း ခရိုင် နုံဆက်ခ် ခရိုင်ခွဲမှ ပေးပို့သူတဦးက ပို့လိုက်ခြင်း ဖြစ်သည်။

ပါဆယ်ထုပ်ထဲတွင် ကျည်အတောင့် ၅၀ ခန့်စီ ပါသည့် သေတ္တာ ၁၈ လုံးနှင့် ကျည် အတောင့် ၂၀ ပါ သေတ္တာတလုံးတို့ကို ရဲများက တွေ့ရှိခဲ့သည်။ သို့သော် ကျည်ဆန်များဟု ၎င်းတို့ ကနဦးထင်ခဲ့သည့် ပစ္စည်းများသည် M16 ကျည်အတွက် ကျည်ခွံ အတောင့် ၉၂၀ ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ ယင်းတို့အပြင် M16 ကျည် အတောင့် ၂၀ စီ ဖြည့်ထားသည့် ကျည်ကပ် ၂၀ နှင့် M16 ကျည် အတောင့် ၃၀ စီ ပါသည့် ကျည်ကပ် လေးခုတို့ကိုလည်း ပါဆယ်ထုပ်ထဲတွင် တွေ့ခဲ့သည်။

ပါဆယ်ထုပ် လက်ခံရယူမည့်သူကို ဖမ်းဆီးရန် ထိုင်းရဲများက ပစ္စည်းပို့ကုမ္ပဏီဝန်ထမ်းကို လိပ်စာပါ နေအိမ်သို့ ပါဆယ်ထုပ် သွားပို့ခိုင်းပြီး ၎င်းတို့က ခပ်လှမ်းလှမ်းမှ စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ည ၇ နာရီခန့်တွင် အမျိုးသမီးတဦးက ပါဆယ်ထုပ် ယူရန် ထွက်လာခဲ့သည်ဟု ဆိုသည်။ ထို အမျိုးသမီးကို ထိုင်းရဲများက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ဆောင်သွားသည်။
ထို အမျိုးသမီးသည် မွန်လူမျိုး ၊ မြန်မာနိုင်ငံသားတဦးဖြစ်ပြီး ထိုင်းတွင် ၁၃ နှစ်ကြာ တရားမဝင် နေထိုင်နေခဲ့သူဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးက ပါဆယ်ထုပ်သည် သူမ ပစ္စည်း မဟုတ်ကြောင်းနှင့် ထိုအထုပ် အိမ်ရှေ့တွင် ချထားသည်ကို တွေ့ရ၍ ထွက်ကြည့်မိခြင်းသာ ဖြစ်ကြောင်း ပြောသည်။

ထပ်မံ စစ်ဆေးမေးမြန်းရန် သူမကို ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ထိုင်းရဲများက ပြောသည်။ သူမကို လက်ရှိ ကနဦး တွင် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှု အပြင် လက်နက်ကျည်များ ခွင့်ပြုချက်မဲ့ ပိုင်ဆိုင်မှုဖြင့် တရားစွဲထားကြောင်း သိရသည်။

Myanmar woman arrested with empty M16 cartridges
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly