ယူကေက ရိုဟင်ဂျာဒုက္ခသည်များအတွက် အကူအညီ ၈၅ ရာခိုင်နှုန်းအထိ လျှော့ချထားဟု NGO အဖွဲ့ပြော

ယူကေက ရိုဟင်ဂျာဒုက္ခသည်များအတွက် အကူအညီ ၈၅ ရာခိုင်နှုန်းအထိ လျှော့ချထားဟု NGO အဖွဲ့ပြော

ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူကေ၏ အကူအညီပေးမှုသည် အကျဘက်သို့ ဆက်သွားနေပြီး ယူကေအစိုးရသည် မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် လက်ခံနေရာပေးထားသည့် အစုအဖွဲ့များအတွက် လူသားချင်းစာနာမှု အထောက်အပံ့ပေးမှုအဖြစ် စတာလင်ပေါင် ၃ သန်းမျှသာ ကြေညာခဲ့ကြောင်း Burma Campaign UK အဖွဲ့က ပြောသည်။

ယခု ဘဏ္ဍာနှစ် ကာလဝက်အထိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူကေက ပေးသည့် အကူအညီစုစုပေါင်းက ပေါင် ၁၆ ဒသမ ၉ သန်း ဖြစ်ပြီး ယင်းသည် ၂၀၁၉-၂၀၂၀ နောက်ပိုင်း အကူအညီ ၈၅ ရာခိုင်နှုန်း လျှော့ချဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် အကူအညီများ ဖြတ်တောက်ခြင်း မပြုဘဲ မူလအတိုင်း ပြန်လည်ပေးအပ်ရေး Burma Campaign UK အဖွဲ့က ယူကေ နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလီဗာလေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး အန်ဒရူးစ် မစ်ချဲလ်တို့ကို တိုက်တွန်းထားသည်။

ယူကေအစိုးရသည် ယခု ဘဏ္ဍာနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်များအတွက် အကူအညီ ထောက်ပံ့မှု သုံးကြိမ် ကြေညာခဲ့ပြီး မေလ ၂၁ ရက်တွင် ပေါင် ၂ ဒသမ ၃ သန်း၊ ဇူလိုင် ၃ ရက်တွင် ပေါင် ၁၁ ဒသမ ၆ သန်းနှင့် စက်တင်ဘာ ၁၂ ရက်တွင် ပေါင် ၃ သန်းတို့ ဖြစ်သည်။

ယမန်နှစ်က ရိုဟင်ဂျာဒုက္ခသည်များအတွက် အကူအညီကို ပေါင် ၂၀ ဒသမ ၂၆ သန်းအထိ လျှော့ချခဲ့သည်။

၂၀၁၉-၂၀၂၀ တွင် ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူကေ၏ အကူအညီပေးမှုက ပေါင် ၁၁၂ ဒသမ ၃၆ သန်း ဖြစ်သည်။

နိုင်ငံတကာ အလှူရှင်များ၏ အကူအညီ သိသိသာသာ လျှော့ချမှုကြောင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်သည် ရိုဟင်ဂျာများအတွက် လစဉ် စားနပ်ရိက္ခာခွဲတမ်းကို သုံးပုံ တပုံ လျှော့ချခဲ့ရပြီး လူတဦးလျင် ၁၂ ဒေါ်လာမှ ၈ ဒေါ်လာသို့ လျှော့ချခဲ့သည်။

ရိက္ခာ ဖြတ်တောက်မှုများကြောင့် အာဟာရချို့တဲ့ခြင်း၊ နို့စို့ကလေး သေဆုံးမှု၊ အကြမ်းဖက်မှုနှင့် ယုတ်စွအဆုံး သေဆုံးမှုများကို မြင့်တက်စေလိမ့်မည် ဖြစ်ပြီး ထို သက်ရောက်မှုက ပြင်းထန်ပြီး ကာလကြာရှည်လိမ့်မည် ဖြစ်သလို ကလေးများ ကြီးထွားမှုနှုန်းကို တန့်စေပြီး အနာဂတ်မျိုးဆက်များ၏ မျှော်လင့်ချက်များကို မှေးမှိန်စေလိမ့်မည် ဖြစ်ကြောင်း ဇွန်လက ကုလကျွမ်းကျင်သူသုံးဦးက ပြောသည်။

၂၀၂၃ နှစ်အတွက် ရိုဟင်ဂျာ ဒုက္ခသည်ကမ့်စခန်းများရှိ လူသားချင်းစာနာမှု လိုအပ်မှုအတွက် ၃၈ ဒသမ ၉ ရာခိုင်နှုန်းသာ ဖြည့်ဆည်းထားရသေးကြောင်း သိရသည်။

ယူကေ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီး အန်ဒရူးစ် မစ်ချဲလ်က ဧပြီ ၁၉ ရက် ဝက်ဘ်မင်စတာ ခန်းမ ဆွေးနွေးမှုတခုတွင် ရိုဟင်ဂျာများထံ အကူအညီ ဖြတ်တောက်မှုများနှင့်ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားရာတွင် “ငွေကြေးထောက်ပံ့မှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ ကျွန်တော်တို့ဟာ ငွေကြေးတွေ မူလအတိုင်း ပြန်ပေးဖို့ ကိစ္စကို မကြည့်ဘဲ အကူအညီ လိုအပ်မှု ကိစ္စကို ကြည့်ပါတယ်” ဟု ပြောသည်။

“ယူကေ အစိုးရဟာ ရိုဟင်ဂျာတွေအတွက် အကူအညီတွေ ခွဲဝေပေးချိန်မှာ လိုအပ်ချက်ကို မကြည့်ဘူးဆိုတာ ရှင်းပါတယ်။ လူတစ်သန်းကျော်ထဲမှာ အများစုဟာ ကလေးတွေ ဖြစ်တယ်။ သူတို့ဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုနဲ့ ယုတ်စွအဆုံး အသက်သေဆုံးရနိုင်တဲ့ အန္တရာယ် ရှိတယ်။ မြန်မာမှာ အထမမြောက်တဲ့ စစ်အာဏာသိမ်းမှုကြောင့်လည်း ရိုဟင်ဂျာတွေ သူတို့ရဲ့ နေရပ်ကို ရေတိုအတွင်းမှာ ပြန်သွားဖို့ မဖြစ်နိုင်အောင် ဖြစ်စေခဲ့တယ်။ လူမျိုးတုန်းသတ်မှုမှာ အသက်ရှင်လွတ်မြောက်ခဲ့သူတွေဟာလည်း ဆာလောင်မှုနဲ့ မျှော်လင့်ချက်ကင်းမဲ့တဲ့အခြေအနေတွေနဲ့ ဖြစ်ကျန်နေကြရတယ်” ဟု Burma Campaign UK မှ Campaigns officer ဖြစ်သည့် ကာရင် ဗောလ်တာဆန်က ပြောသည်။

UK aid cuts to Rohingya now at 85%, says NGO
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly