ဦးကျော်မိုးထွန်းကို ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် အတည်ပြုရေး တောင်းဆို

By မဇ္ဈိမ 
18 September 2023
ဦးကျော်မိုးထွန်းကို ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် အတည်ပြုရေး တောင်းဆို

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်တာဝန်ကို လက်ရှိ သံအမတ်ကြီးဖြစ်တဲ့ ဦးကျော်မိုးထွန်းကိုပဲ အခုကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆက်လက် အတည်ပြုပေးဖို့ စက်တင်ဘာလ ၁၆ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ မြန်မာတွေ ဆန္ဒပြတောင်းဆိုကြသလို၊ ဗြိတိန်နိုင်ငံ လန်ဒန်နဲ့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ တွေမှာလည်း မြန်မာတွေ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ လာမယ့်သီတင်းပတ်အတွင်း ကျင်းပမဲ့ အထွေထွေညီလာခံ တက်ရောက်ဖို့ နိုင်ငံ့ခေါင်းဆောင်တွေ စုရုံးရောက်ရှိနေတဲ့ တစ်ချိန်တည်းမှာပဲ ပြည်ပရောက် မြန်မာတွေကလည်း ဆန္ဒပြနေကြတာပါ။

"သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် မြန်မာပြည်သူလူထုရဲ့အသံကို ကိုယ်စားပြုတယ်"လို့ ဆန္ဒပြတဲ့သူတွေက ကြွေးကြော်ကြပါတယ်။

စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း စက်တင်ဘာ ၂၆ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားပြုတက်ရောက်တာမဟုတ်ဘဲ လူထုရွေးချယ်တင်မြှောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကိုသာ ကိုယ်စားပြုတက်ရောက်တာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ ရက်ကနေ ၂၆ ရက်နေ့ထိ နယူးယောက်မြို့မှာ ကျင်းပမယ့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ထားမလား ၊ စစ်ကောင်စီ တင်သွင်းမယ့်သူကို နေရာပေးမလား၊ ဘယ်သူ့ကိုမှ မခန့်ပဲ နေရာလပ် ချန်ထားမလား ဆိုတာကို ဆုံးဖြတ်ဖို့ရှိနေတာမို့ ကမ္ဘာတလွှားက မြန်မာနိုင်ငံသားတွေ ခုလို ဆန္ဒပြတောင်းဆိုကြတာ ဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်နေရာအတွက် စစ်ကောင်စီဘက်က ကြိုးပမ်းနေပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ကိုယ်စားပြုခွင့်ပေးခဲ့ပါတယ်။

ကုလအရည်အချင်းစစ် ကော်မတီဟာ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်နေရာတွေအတွက် စစ်အာဏာသိမ်းမှုအောက်က မြန်မာနဲ့ တာလီဘန်တွေထိန်းချုပ်ထားတဲ့အာဖဂန်နစ္စတန်နိုင်ငံတို့ရဲ့ ကိုယ်စားပြုသူကို မရွေးချယ်ဘဲ ရွှေ့ဆိုင်းထားတာ ၂၀၂၁ ခုနှစ်ကတည်းကဖြစ်ပါတယ်။

ကုလသမဂ္ဂညီလာခံတက်ရောက်ဖို့ တင်ပြလာတဲ့ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်တွေစာရင်းကို ကုလသမဂ္ဂ ကိုယ်စားလှယ်အတည်ပြု သတ်မှတ်ရေး ကော်မတီကနေ ဆုံးဖြတ်ပေးတာပါ။ 

ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာလ ၅ ရက်နေ့က စတင်ကျင်းပတာမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ အတည်ပြုသတ်မှတ်ပေးတဲ့ ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ 

အဖွဲ့ဝင် ၉ နိုင်ငံမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေဖြစ်ပြီး တခြားနိုင်ငံတွေက အလှည့်ကျအဖွဲ့ဝင် ၆ ဦး ပါဝင်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်း မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း သံအမတ်အကြိးအဖြစ် အသိအမှတ်ပြုခံရဖို့ နိုင်ငံတကာမှာ အခုလို ထောက်ခံဆန္ဒပြပွဲတွေ တလတာကျင်းပသွားမှာဖြစ်တယ်လို့လည်း ဆန္ဒပြပွဲ ဦးဆောင်ကျင်းပသူတွေက ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly