မြန်မာ့အရေးကိစ္စ အာဆီယံရဲ့ နည်းလမ်းအတိုင်းသာဖြေရှင်းသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြော

By မဇ္ဈိမ 
18 September 2023
မြန်မာ့အရေးကိစ္စ အာဆီယံရဲ့ နည်းလမ်းအတိုင်းသာဖြေရှင်းသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြော

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ပြည်တွင်းရေး ပြဿနာတွေ သာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားရေး ဆိုင်ရာလမ်းကြောင်းတွေ နဲ့ အာဆီယံ အဖွဲ့ ရဲ့ နည်းလမ်းတွေ အတိုင်း သာဖြေရှင်းသင့်တယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်သစ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်ပရီ ဖထိုင်ထနုကွန်း (Panpree Phathithanukorn ) က စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဘုံသဘောတူညီချက် (၅) နဲ့အညီ အာဆီယံကို ဗဟိုပြုပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဆက်လက် လုပ်ဆောင်နေတာကြောင့် အာဆီယံရဲ့ အခန်းကဏ္ဍကို မေ့မထားသင့်ကြောင်းနဲ့ ထိုင်းအစိုးရဟာလည်း အဲဒီ မူဝါဒအတိုင်း လိုက်နာ ဆောင်ရွက်နေကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဒီမိုကရေစီဖြစ်စဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ အားလုံးဟာ ပြည်တွင်းကိစ္စသာဖြစ်ပြီး မြန်မာတွေကသာ ဒီပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အဆင်ပြေလာစေဖို့ အာဆီယံနဲ့ ဆွေးနွေးမှုတွေမှာ ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးမှာ ဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးတာတွေ ရှိလာမလားဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီးက လိုအပ်တဲ့အခါ ရှိလာနိုင်မှာဖြစ်ပေမဲ့ အာဆီယံနဲ့အရင်တိုင်ပင်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လက်ရှိမြန်မာအစိုးရ (စစ်ကောင်စီအစိုးရ) နဲ့ မူးယစ်ဆေးဝါး နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မူခင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် တရားဝင်နဲ့ အလွတ်သဘောတွေ့ဆုံမှုတွေရှိတယ်လို့လည်း ထိုင်း ဒုဝန်ကြီးချုပ်သစ် ပန်ပရီ ကဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေဟာ တရားမဝင်မူးယစ်မှောင်ခိုတိုက်ဖျက်ရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန်ပရာမွတ်ဝီနိုင်းဟာ မြန်မာစစ်ကောင်စီနဲ့ အလွတ်တန်းတွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့သလို နေပြည်တော်ကို တိတ်တဆိတ်လာရောက်သွားတဲ့ အဲဒီခရီးစဉ်မှာ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒါကြောင့် သူဟာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ပထမဆုံးနိုင်ငံခြားထိပ်တန်းသံတမန်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

ဝေဖန်ကန့်ကွက်မှုတွေရှိနေတဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ကိုလာတက်တဲ့ ထိုင်းလေတပ်ဦးစီးချုပ်ကိုလည်း စစ်ကောင်စီက ဂုဏ်ပြုတပ်ဖွဲ့နဲ့ပါကြိုဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်လက်ခံတွေ့ဆုံခဲ့ပါတယ်။

နေပြည်တော်က ဒီအစည်းအဝေးကို လာတက်တဲ့ အာဆီယံ ငါးနိုင်ငံထဲမှာ ထိုင်းလေတပ်ဦးစီးချုပ်ကိုပဲ စစ်ကောင်စီက အရေးတယူပြုပြပြီး ကျန်တဲ့ လေးနိုင်ငံကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နဲ့သာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီ နဲ့ ထိုင်း ကြားမှာ အစိုးရချင်းရော စစ်တပ်အချင်းချင်းကြားမှပါ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပြီး ပိုခိုင်မြဲလာနေတယ် လို့ သုံးသပ်မှုတွေရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly