ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ဓမ္မရာဇကစေတီ မိုးကြိုးခ

By 007 (မဇ္ဈိမ)
18 September 2023
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ဓမ္မရာဇကစေတီ မိုးကြိုးခ
ပုံစာ-မိုးကြိုးခခဲ့သည့်ဓမ္မရာဇကစေတီတော်(Photo : Department of Archaeology and National Museum)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဓမ္မရာဇကစေတီ ယမန်နေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက မိုးကြိုးခပြီး ဖောင်းရစ်ပတ်လည်၌အက်ကွဲကြောင်းအချို့ဖြစ်ပေါ်ကာ အညိုအမဲစွဲသွား ကြောင်း ဒေသခံများထံမှ သိရသည်။

“အုတ်ကွာကျတာ၊ ပွင့်ထွက်တာမျိုးတော့ မဖြစ်ဘူး။ ခေါင်းလောင်းနဲ့ ဖောင်းရစ်ပတ်လည်မှာတော့ အက် ကြောင်းတွေဖြစ်ခဲ့တယ်။ အဲဒီ အက်ကြောင်းရာတဝိုက်မှာ အညိုအမဲစွဲသွားတယ်၊ ဒါလောက်ပါပဲ”ဟု ပုဂံမြို့ဟောင်းတွင်နေထိုင်သူ သတင်းရင်းမြစ်တဦးကပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းနေစဉ် အဆိုပါ စေတီတစ်ဆူတည်း မိုးကြိုးပစ်(မိုးကြိုးခ)ခံရခြင်း ဖြစ်ကြောင်းသိရသည်။

မိုးကြိုးပစ်ခံခဲ့ရသော်လည်း ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ဘဲ အပေါ်ယံရွှေချထားသည့်အလွှာတွင်သာ လျှပ်စီးရိုက်ပြီး ညိုမဲသွားခြင်းဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ ပုဂံဌာနခွဲမှ သတင်း ထုတ်ပြန်ထားသည်။

အဆိုပါဘုရားတွင် ယခင်ကလည်း မိုးကြိုးလွှဲမရှိကြောင်း၊ ယခုမိုးကြိုးခသည့်ဖြစ်စဉ်တွင် ရှေးဟောင်း အဆောက်အအုံ ထိခိုက်မှုမရှိခဲ့ကြောင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအတွက် ဌာနအနေဖြင့်ဆောင်ရွက် သွားမည်မဟုတ်ဘဲ ဂေါပကအဖွဲ့က မူလအလှူရှင်ကိုဆက်သွယ်ကာ ရွှေပြန်ချမည်ဖြစ်ကြောင်း ဆိုသည်။

မန္တလေးတိုင်း ညောင်းဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ငါးမျက်နှာဘုရား ၁၇ ဆူအနက် အကြီးဆုံးဖြစ်ပြီး အမြင့်ပေ ၁၈၀ ရှိသည့် ဓမ္မရာဇကစေတီကို နရပတိစည်သူမင်းက ၁၁၉၆ ခုနှစ်တွင် တည်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ဓမ္မရာဇကစေတီကို ၁၉၉၆ ခုနှစ် မေလတွင် န၀တစစ်အစိုးရက စေတီတော်တဆူလုံးနီးပါးအား ဘက်စုံ ပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့သည်။

“စစ်ဗိုလ်ချုပ်တွေ ပြန်တည်ခဲ့တဲ့ဘုရားပေါ့။ ပုဂံမှာ ဟိုတလောကလည်း ဗူးဘုရား မိုးကြိုးခထားတယ်။ ပြန်ပြင်လို့တောင် ကောင်းကောင်းမပြီးသေးဘူး။ နောက်ပြီးတော့ ပုဂံဘုရားတော်တော်များများ ရေနစ်ခဲ့ သေးတယ်” ဟု ညောင်ဦးမြို့မှ ဒေသခံသတင်းရင်းမြစ်တဦးကလည်း ပြောသည်။

ပြီးခဲ့သည့်ဇွန်လ ၆ ရက်နေ့ညကလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ပျူစောထီးမင်း၏ကောင်း မှုတော် ဗူးဘုရား၌ မိုးကြိုးလေးချက်ခခဲ့ပြီး စေတီတော်လုံးပတ်တွင် တလက်မခွဲအရွယ် အပေါက်ရာနှစ်ခု ဖြစ်ပေါ်ခြင်း၊ ဇကာကွက်ကဲ့သို့ အရာထင်ခြင်း၊ စိန်ဖူးတော်အောက်ခံ ကြာဖက်ပဲ့သွားခြင်း၊ ငှက်ပျောဖူး ကြာဖက်ထိပ်ပိုင်း ခြောက်လက်မခန့်ပဲ့သွားခြင်း၊ ထီးတော်ပတ်လည်တွင်ချိတ်ဆွဲထားသော ကြေးခေါင်း လောင်းများမဲသွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် မေလအတွင်းကလည်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေစည်းခုံ၊  အာနန္ဒာ၊ ဓမ္မရံကြီး၊ စူဠာ မဏိ၊ ဓမ္မရာဇက၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်၊ ထီးလိုမင်းလို၊ လေးမျက်နှာ၊ ဆင် ပေါင်းအုတ်ကျောင်း၊ ပုဂံမျှော်၊ ရွာဟောင်းကြီး၊ ရွှေနန်းရင်တော စေတီတို့တွင် ရေ၀င်ရောက်မှုဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/အဆောက်အအုံ ရှစ်ခုလည်း ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှု၀န်ကြီးဌာန ပုဂံဌာနခွဲမှ သိရသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly