စစ်ကောင်စီတပ်က မိုးကုတ်တဝိုက် ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲ၊ ၃ ရက်မြောက် လေကြောင်း တိုက်ခိုက်မှုဖြစ်

By 007 (မဇ္စျိမ)
17 September 2023
စစ်ကောင်စီတပ်က မိုးကုတ်တဝိုက် ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲ၊ ၃ ရက်မြောက် လေကြောင်း တိုက်ခိုက်မှုဖြစ်
ပုံစာ ယနေ့တနေကုန် မိုးကုတ်မြို့ပေါ်ပျံဝဲခဲ့သည့် စကစ၏ ဂျက်တိုက်လေယာဥ်

စစ်ကောင်စီတပ်က  မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီး ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲပစ်ခတ်မှု ယနေ့လည်း ဆက်လုပ်နေရာ သုံးရက်မြောက်လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ပတ္တမြားမြေ မိုးကုတ် တဝိုက်ကိုထိန်းချုပ်ရန် ကြိုးစားသောတိုက်ပွဲများ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ တကျောပြန်ဖြစ်ခဲ့ပြီး အရှိန်တက်လာရာက လေကြောင်းမှတိုက်ခိုက်မှုများပါ ပါလာခဲ့သည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်မိုးလင်းစအချိန်မှစ၍ ဖြူရောင်၊ ညောင်ကုန်းနှင့် ကုန်းစံကျေးရွာ အနီး၀န်းကျင်ကို ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခြင်း၊ လေယာဉ်ပေါ်မှပစ်ခတ်တိုက်ခိုက်ခြင်းတို့ ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရပြီး ယနေ့ညနေပိုင်းအချိန်အထိ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရ သည်ဟု ဒေသခံများကဆိုသည်။

“ မြို့ထဲမဟုတ်ဘူး။  မြို့ပြင်ကို ကြဲတာပါ။ မြို့ထဲမှားကြဲမိမှာ စိုးရိမ်စိတ်နဲ့ နေနေရတယ်။ လမ်းတွေပေါ်မှာ လည်း လူတွေခြောက်ကပ်ကုန်ပြီ။ အခု မိုးကုတ်မှာ မလိုအပ်ဘဲ အပြင်မထွက်ကြတော့ဘူး” ဟု   ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

TNLA  နှင့် လတ်တလောတိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်၏ တပ်မ (၄၄)၊ ခမရ (၁၀၂) (၁၀၄) နှင့် (၁၄၈)တို့ပါဝင်သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

TNLA ပူးပေါင်းတပ်တို့အထိုင်ချထားသော ကုန်းစံကျေးရွာအနီး၀န်းကျင်ကို စစ်ကောင်စီက စက်တင် ဘာလ ၁၀ ရက်နေ့ညနေပိုင်းတွင် စစ်ကြောင်းထိုး၀င်ရာက တိုက်ပွဲစခဲ့သည်။ သီးခြားအတည်မပြုနိုင် သော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဒေသတွင်း သတင်း များထွက်ပေါ်နေပြီး စက်တင်ဘာလ ၁၅ ရက်နေ့ညနေ ၄ နာရီခန့်ကစ၍ လေကြောင်းမှ ဗုံးကြဲခြင်း နှင့်ပစ်ခတ်ခြင်းများ ပြုလုပ်လာခြင်းဖြစ်သည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly