နှစ်သစ်ဆုတောင်း ညီညွတ်မှုပေါင်း

နှစ်သစ်ဆုတောင်း ညီညွတ်မှုပေါင်း

မြန်မာ့နှစ်သစ် ၁၃၇၈ ကို ပြည်သူအပေါင်းက ထူးထူးကဲကဲ နှစ်ထောင်းအားရ ဖြစ်ကြသည်။ မြန်မာသစ်ဆီ ရောက်ကြမည်ကို မှန်းမျှော်ကြသောကြောင့်လည်း ဖြစ်သည်။ နှစ်သစ်အတွက် သန္နိဋ္ဌာန်များ ချလေ့ရှိရာ မြန်မာ့နှစ်သစ်တွင်လည်း ပြည်သူအပေါင်းသည် သန္နိဋ္ဌာန်ချမှတ်အပ်သည်။ ယင်းမှာ တခြားတလွဲမဖြစ်ရ၊ ညီညွတ်မှုသာ ဖြစ်ရချိမ့်မည်။

မြန်မာများက သင်လွယ်တတ်လွယ် နားလည်လွယ်များဖြစ်ကြပြီး၊ ရှေ့ကပြသည်နှင့် နောက်ထပ် ထင်ပေါ် ထို့ထက်ကျော်အောင် လုပ်နိုင်စွမ်းကြသည်။ ယခုအခါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုသမ္မတဦးထင်ကျော် အမှူးပြုသော လူထုအစိုးရသစ်ကို ရရှိထားကြပြီးဖြစ်ရာ ခေါင်းဆောင်ကောင်းက ရှေ့ကသွားသော် လူထုအများက ညီညီညွတ်ညွတ်နောက်က လိုက်ပါကြရုံသာ ရှိပေတော့သည်။

မြန်မာ့နှစ်သစ်တွင် ပြည်သူအများသည် လွှတ်တော်သစ်များ၊ အစိုးရသစ်နှင့် နိုင်ငံရေးအခင်းအကျင်းသစ်ကို ရရှိထားသည်။ ယင်းအခြေအနေများကို ပြည်သူများသည် လွယ်လင့်တကူတော့ ရရှိခဲ့သည် မဟုတ်ပါ။ နှစ်ပေါင်း ၅၀ ကျော်ကြာ ခံစားခဲ့ရသော စစ်အာဏာရှင်တို့၏ အမူအကျင့်နှင့် ဖိနှိပ်မှုများကို ညီညွတ်မှုအားဖြင့် တွန်းလှန်ဖယ်ရှားကာ ပြည်သူများသည် အင်န်အယ်လ်ဒီကို တခဲနက်အနိုင်ပေး၍ ဖန်တီးယူခဲ့ကြခြင်းဖြစ်သည်။

လူထုသမ္မတဦးထင်ကျော်က ထိုသည်တို့ကို ယခုကဲ့သို့ အသိအမှတ်ပြုခဲ့သည်။ "ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်သူတရပ်လုံး တခဲနက်ထောက်ခံ ဆန္ဒမဲပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံ့တာဝန်များကို လွှဲပြောင်းရယူနိုင်ခဲ့တာဖြစ်ပြီး၊ ကျွန်တော်ကိုယ်တိုင်လည်း အခုလို နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတာဖြစ်လို့ မဲဆန္ဒရှင်ပြည်သူလူထုကြီးကို အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်" ဟု လူထုသမ္မတဦးထင်ကျော်က မြန်မာ့နှစ်ဆန်းတရက်နေ့တွင် ပြောကြားသော နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား၌ လူထုအများကို ကျေးဇူးတင်ခဲ့သည်။

အင်န်အယ်လ်ဒီသည် လူထုပါတီဖြစ်ပြီး၊ ပြည်သူအများ၏ မပြောင်းလဲသော ထောက်ခံမှုများကို ရွေးကောက်ပွဲတိုင်းတွင် ရရှိခဲ့သည်။ ယခုအချိန်တွင်တော့ လူထုပါတီမှသည် လူထုအစိုးရအဖြစ်သို့ ကူးပြောင်းနိုင်ခဲ့ပြီဖြစ်သည်။ လူထုအစိုးရသည် လူထုတရပ်လုံး၏ လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ကြတော့မည်ဖြစ်ရာ လူထုအားကို အများကြီးလိုချိန်လည်းဖြစ်သည်။

လူထုတရပ်လုံးက လူထုအစိုးရနောက်တွင် ညီညီညွတ်ညွတ်ရပ်ကြဖို့ လိုအပ်သည်။ ယခုအခါ ယခင်အစိုးရလက်ထက်က ထောင်သွင်းအကျဉ်းချခြင်း ခံထားရသော နိုင်ငံရေးအကျဉ်းသားများလည်း မြန်မာနှစ်ဆန်းတရက်တွင် ထပ်မံလွတ်လာလေပြီ၊ ကောင်းသတင်းများ ဆောင်ကျဉ်းပြီးဖြစ်သဖြင့် အပေါင်းချင်းညီကြရန်သာ ရှိပေတော့သည်။

နှစ်သစ်ဆုတောင်းများကား ပြည်သူတဦးချင်းက တောင်းတောင်း၊ အစိုးရအဖွဲ့ အကြီးအကဲနှင့် အစိုးရအဖွဲ့ဝင်များက တောင်းတောင်း၊ ထင်ပေါ်ကျော်ကြားသူများနှင့် သတင်းမီဒီယာများက တောင်းတောင်း အကောင်းချည်းသာဖြစ်သည်။ သို့တိုင် ဆုတောင်းနောက်တွင် ညီညွတ်ခြင်းကား အရေးကြီးသည်။ ဆုတောင်းရုံနှင့် မပြီးပါ၊ အလုပ်ချင်းဆက် လက်ချင်းဆက်ပြီး စိတ်ချင်းပါဆက်နိုင်ပါမှ ပန်းတိုင်ခရီး မြန်မြန်နီးနိုင်မည်ဖြစ်သည်။

မြန်မာများသည် တယောက်ချင်းကား သင်လွယ်တတ်လွယ် မြင်လွယ်ထက်လွယ်များ ဖြစ်ကြသော်လည်း နှစ်ယောက်ရှိသည်နှင့် သုံးဖွဲ့ကွဲတတ်သည်ဟု ပြက်ရယ်ပြုစကား ဆိုခံထိသူများလည်းဖြစ်သည်။ သို့ဖြစ်ရာ အစိုးရသစ်၊ နိုင်ငံရေးသစ်နှင့် အခွင့်အလမ်းသစ်များ ရခိုက်တွင် ပြည်သူချင်းကြား၊ အစိုးရနှင့် ပြည်သူကြား၊ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့ဝင်များကြား အကွဲအပြဲများကို ရှောင်ဖယ်ကာ ညီညွတ်မှုအားဖြင့် မြန်မာတခေတ်ဆန်းသစ်ချိန် (ဝါ) မြန်မာသစ်ဆီ ချီတက်ကြရန် ညီညွတ်ရေးလိုအပ်ချိန်ဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly