ဧရာဝတီတိုင်းတွင် စားသောက်ဆိုင်များအား မြန်မာဘီယာရောင်းချရန် စစ်ကောင်စီ ဖိအားပေး

By မင်းထက်(မဇ္စျိမ)
17 September 2023
ဧရာဝတီတိုင်းတွင် စားသောက်ဆိုင်များအား မြန်မာဘီယာရောင်းချရန် စစ်ကောင်စီ ဖိအားပေး
ပုံအညွှန်း-စစ်တပ်ထုတ်ကုန်များကို အသုံးမပြုရန် သပိတ်မှောက်ထားစဥ်။

ဧရာဝတီတိုင်းအတွင်းရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များနှင့် ဘားများအား မြန်မာဘီယာ ရောင်းချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖိအားပေးနေကြောင်း စားသောက်ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

“တခြားဆိုင်တွေကို ဘယ်လိုပြောလဲတော့မသိဘူး။ ကျွန်တော့်ဆိုင်ကိုလာပြောတာတော့ မြန်မာဘီယာ ဘာလို့မတင်တာလဲ၊ တင်မရောင်းရင် လိုင်စင်သိမ်းမယ်ဆိုပြီး ပြောသွားတယ်။ အဲဒါကြောင့် ရောင်းတော့ မရောင်းဘူး မြန်မာဘီယာတင်ထားတယ်ဆိုတဲ့ပုံစံတော့ ပြထားရတယ်”ဟု ပုသိမ်ခရိုင်အတွင်းရှိ စား သောက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့် ပုသိမ်၊ မအူပင်၊ ရေကြည်၊ ဖျာပုံ၊ ငွေဆောင်၊ ကျောင်းကုန်း၊ ငပုတော စသည့်မြို့နယ်များ၌ စစ်တပ်ထုတ်ကုန်များရောင်းချပေးရန် ဆိုင်ရှင်များအား လိုက်လံဖိအားပေးနေသည် ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း စားသောက်ဆိုင်၊ အရက်ဆိုင်နှင့် ဘားများအား လိုက် လံစစ်ဆေးမှုများပြုလုပ်သည်ဟု ပုသိမ်ခရိုင်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်တဦးကပြောသည်။

၎င်းတို့လိုက်လံစစ်ဆေးသည့်ဆိုင်များ၌ မြန်မာဘီယာရောင်းချမှုမရှိပါက မဖြစ်မနေရောင်းချရန် ဖိအား ပေးနေသည်ဟု ဆိုသည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်းက မအူပင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား မြန်မာဘီယာ မဖြစ်မနေရောင်းချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖိအားပေးမှုများရှိသည်ဟု မအူပင်မြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း ဧရာဝတီတိုင်းအတွင်းရှိ စားသောက်ဆိုင်များအား မြန်မာဘီယာရောင်းချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖိအားပေးမှုများ နှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု စားသောက်ဆိုင် ပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

“ရောင်းတာတော့ မရောင်းချင်ဘူး။ ဒါပေမဲ့ ခဏခဏလာစစ်နေတော့ ဆိုင်မှာမြန်မာဘီယာတင်ပေး ထား ရတယ်”ဟု ရေကြည်မြို့နယ်အတွင်းမှ စားသောက်ဆိုင်ပိုင်ရှင်တဦးကလည်း ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်မြန်မာဘီယာရောင်းချပြီး စစ်ကောင်စီကို အလုပ်အကျွေး မပြုရန် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားကြသည်။

ယင်းပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ထုတ်ကုန်မှန်သမျှကို အသုံးမပြုခြင်းဖြင့် တော်လှန်ရေး အင်အားစုများအား ကူညီပေးကြရန်လည်း အသိပေးနှိုးဆော်မှုများ ပြုလုပ်ထားကြသည်။

စာတည်း။   ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly