မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၄ ဦးနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်

By KMN(မဇ္ဈိမ)
17 September 2023
မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၄ ဦးနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်
ပုံအညွှန်း - မြိုင်မြို့နယ် တနေရာတွင် တိုက်ခိုက်ခံရသော စစ်ကောင်စီ ရိက္ခာတင်ကား(ပုံဟာင်း) (Photo - mygtroopnews)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စက်တင်ဘာလ ၁ ရက်မှ ၁၇ ရက်နေ့အထိ အရပ်သားလေးဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်မ(၁၀၁)လက်အောက်ခံစစ်ကြောင်းက သတ်ဖြတ်ခဲ့ ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ Myaing Intelligence Group (MIG)က မဇ္ဈိမကို ပြောကြားသည်။

သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားလေးဦးမှာ မြိုင်မြို့နယ် ဆားလင်းကန်၊ ကံကြီးရိုး၊ သရက်ကန်နှင့် ထန်း ငယ်တောကျေးရွာများမှ အမျိုးသားများဖြစ်ပြီး စက်တင်ဘာ ၅ ရက်မှ ၁၆ ရက်နေ့အတွင်း စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့အားလုံးကို မြိုင်မြို့နယ်ထဲက ပျူရွာနဲ့ စစ်ကောင်စီစခန်းတွေကို ရိက္ခာပို့ဖို့ ကား ၁၅ စီးနဲ့ထွက်လာ တဲ့ စစ်ကောင်စီတပ်မ (၁၀၁) စစ်ကြောင်းက သတ်သွားတာ” ဟု MIG အဖွဲ့ဝင် ကိုမိုးမှောင်က ပြောသည်။

ကျဆုံးခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးမှာ ကန်ကြီးရိုးကျေးရွာတွင် စက်တင်ဘာလ ၁ဝ ရက်နေ့ နံနက်အစောပိုင်းက သတ်ဖြတ်ခံလိုက်ရသည့် ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်းမြွေနှင့် စက် တင်ဘာလ ၁၄ ရက်နေ့က မြို့စိုးဒေသတွင် သတ်ဖြတ်ခံလိုက်ရသည့် မြိုင်ပကဖလက်အောက်ခံ သံမဏိ လိပ်ပြာတပ်ခွဲမှ ရဲဘော် ချမ်းမြေ့အောင်(ခ)ကျောက်ခဲတို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မ(၁၀၁)စစ်ကြောင်းသည် သြဂုတ်လ ၂၉ ရက်နေ့ဝန်းကျင်တွင်  မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ကန်နီပျူရွာ၊ ဝက်ပုတ်ပျူရွာနှင့် မြိုင်မြို့သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကြောင့် ယနေ့ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းအထိ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာခုနစ်ရွာဝန်းကျင်မှ ဒေသခံ ၂,ဝဝဝ ခန့် တိမ်းရှောင်နေရကြောင်း မြိုင်မြို့နယ်စစ်ကြောင်းသတင်း များအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required