နှစ်သစ်ကူး လွတ်ငြိမ်းခွင့် အကျဉ်းသား ၈၃ဦးလွတ်မည်

နှစ်သစ်ကူး လွတ်ငြိမ်းခွင့် အကျဉ်းသား ၈၃ဦးလွတ်မည်

နှစ်သစ်ကူးအခါသမယ အမျိုးသားရင်ကြားစေ့ရေး နှင့် ပြည်သူလူထု စိတ်နှလုံးငြိမ်းချမ်းရေးအတွက် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၈၃ဦးကို လွတ်ငြိမ်းခွင့်ပေးမည်ဟု ဧပြီ ၁၆ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းလွတ်ငြိမ်းချမ်းသာခွင့်တွင် ယူနတီဂျာနယ်မှ သတင်းထောက်များလည်း ပါဝင်မည်ဟု ပခုက္ကူအကျဉ်းထောင် ဒုတိယထောင်မှူးက ပခုက္ကူအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကိုလူမော်နိုင်၏ မိသားစုကို အကြောင်းကြားလာကြောင်း ၎င်း၏ ဇနီး မလွင်လွင်မြင့်က ဗီအိုအေ သတင်းဌာနကို ဖြေကြားထားသည်။

ည ၁၀နာရီကျော်လောက်က ကိုလူမော်နိုင်အပါအဝင် သတင်းသမားငါးဦးလွတ်မည်ဟု အကြောင်းကြားလာခြင်းဖြစ်ကြောင်း မလွင်လွင်မြင့်က ပြောသည်။

"မနက်ဖြန်မနက် ကိုလူမော်နိုင်တို့လွတ်ပါမယ်။ လာကြိုပါလို့ ပြောပါတယ်။ သေချာသလောက်ရှိပါပြီ" ဟု ၎င်းက ဗီအိုအေကို ဖြေကြားထားခြင်းဖြစ်သည်။

သို့သော် ၎င်းနှင့် အမှုတွဲတစ်ခုတည်း ပခုက္ကူထောင်တွင် ဖမ်းခံထားရသည့် ကိုရာဇာဦး၊ ကိုစည်သူစိုးတို့၏ မိသားစုများကမူ ၎င်းတို့ကို အကြောင်းကြားလာခြင်း မရှိသေးကြောင်း မဇ္ဈိမကို ဧပြီ ၁၇ရက် နံနက် ၂နာရီခန့်က ပြောသည်။

"ထောင်အာဏာပိုင်တွေကတော့ အန်တီတို့ကို အကြောင်းကြားတာ မရှိသေးပါဘူး။ အန်တီမသိရသေးဘူး။" ဟု ကိုရာဇာဦး၏ မိခင် ဒေါ်ခင်မာချိုက မဇ္ဈိမကို ပြောသည်။

"လွတ်မယ်ဆိုတာ ဝမ်းသာလိုက်တာ" ဟုလည်း ၎င်းက ပြောသည်။

၎င်းတို့၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က "မနက်ဖန်လွတ်မယ့် နိုင်ကျဉ်းစာရင်းမှာ ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် မပါသေးဘဲ ထောင်ချခံထားရသော Unity Journal က ၅ ဦးစလုံးပါဝင်ကြောင်း သတင်းထောက် လူမော်နိုင်၏ဇနီး မလွင်မြင့်ထံမှ ယခုပင် ထပ်မံ၍ ဖုန်းသတင်းရပါသည်။ အန်တီနော်အုန်းလှ၊ကိုနေမျိုးဇင်တို့ ပါမည်ဟု ကျနော်ခန့်မှန်းပါသည်။ အမှုရင်ဆိုင်နေရသူများက ရုံးချိန်းရက်ကျမှသာလျှင် တရားခွင်၌အမှုရုပ်သိမ်းပြီးလွှတ်မည်ဟု ကျနော်ယူဆပါသည်။"ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် နံနက် ၂နာရီခွဲခန့်က ရေးသားထားသည်။

ကိုလူမော်နိုင်အပါအဝင် ယူနတီဂျာနယ်မှ သတင်းသမားငါးဦးသည် မကွေးတိုင်း၊ ပေါက်မြို့ရှိ လက်နက်စက်ရုံသတင်း ရေးသားရာတွင် နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှုဥပဒေဖြင့် ၂၀၁၄ခုနှစ် ဇူလိုင်လက ထောင်ဒဏ် ၁၀နှစ် ချခံရပြီး အယူခံဝင်ရာမှ ထောင်ဒဏ် ၇နှစ်သို့ လျော့ချခဲ့သည်။ ၎င်းတို့ ငါးဦးမှာ ပခုက္ကူအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရခြင်းဖြစ်သည်။

ဧပြီလ ၈ရက်ကလည်း အကျဉ်းထောင်များအတွင်း အကျဉ်းကျနေသည့် ကျောင်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ဖမ်းဆီးခံရသူ ၁၉၉ဦးကို လွတ်ပေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly