ရွှေဘိုတွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ၊ ဒုဗိုလ် သေဆုံး

By ပါခွီး (မဇ္စျိမ)
17 September 2023
ရွှေဘိုတွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ၊ ဒုဗိုလ် သေဆုံး

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တွင်  စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှ တပ်သားများ ထမင်းစားနေစဥ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒုဗိုလ်တဦးသေဆုံးပြီး ငါးဦးပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း  Black Wolf Army တာဝန်ရှိသူထံက သိရသည်။

ရွှေဘိုမြို့နယ် ၊ ကျောက်မြောင်းမြို့အခြေစိုက် ခမရ (၁၂) မှ အင်အား ၁၀၇ ဦး ပါ စစ်ကောင်စီတပ်သားများသည် ရွှေကျင်ရွာအတွင်းတပ်စွဲထားချိန် စက်တင်ဘာလ ၁၅ရက် နံနက် ၇ နာရီ  မိနစ် ၃၀ အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

“တပွင့်နဲ့ ဗိုလ်လေးသေသွားတာ ခိုင်မာတဲ့ သတင်းပေးပို့ချက်အရ အတည်ပြုလို့ရတာပါ ။  ကျန်တဲ့ ဒဏ်ရာရတဲ့ သူတွေကိုတော့ ကျောက်မြောင်းပြန်ခေါ်သွားပြီး ဆေးရုံမှာ ကုနေတယ်လို့သိရတယ်” ဟု Black Wolf Army တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း အလယ်တည့်တည့် သွပ်မိုးပေါက်ကာ ထမင်းစားနေသည့် စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဆိုသည်။ တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကြောင်းသည် ကျောက်မြောင်းမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Wolf Army နှင့်အတူ Who am I Army ၊ Forest Fighter နှင့် နတ်တောင်နဂါးတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်းဆိုသည်။
စစ်ကောင်စီစစ်ကြောင်းထွက်ခွာပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက  နယ်မြေရှင်းလင်းရာတွင် စားလက်စ ထမင်းပန်းကန် ခုနစ်ချပ် ၊ ဒဏ်ရာကုသထားသော ဆေးဝါးပစ္စည်းများ ၊ စစ်ကောင်စီတပ်သားတံဆိပ်များနှင့် အင်္ကျီကို သိမ်းဆည်းရရှိကြောင်းသိရသည်။

စက်တင်ဘာလ ၁၅ရက် ည ၁၁နာရီခန့်ကလည်း ရွှေဘိုတက္ကသိုလ်ဝင်းအတွင်းမှ ကင်းလှည့်လာသည့် အင်အား ၃၀ခန့်ရှိသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်းသိရသည်။
ထိုတိုက်ခိုက်မှုအတွင်း  စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသားအဖွဲ့ ၊ Black Wolf – Army တပ်ဖွဲ့နှင့် ရွှေဘိုသခင်ကြီးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#Mizzima
#ရွှေဘို
#ဒုဗိုလ်သေဆုံး

ရုပ်သံအညွှန်း - စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်နေစဥ်
ရုပ်သံ -  Black Wolf – Army

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly