နမ်ဆန်ယန်နားက စစ်ကောင်စီတပ် စစ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

By အဂမ် (မဇ္ဈိမ)
17 September 2023
နမ်ဆန်ယန်နားက စစ်ကောင်စီတပ် စစ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

နမ်ဆန်ယန်ကျေးရွာ တဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ်စခန်းနေရာကို KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ၁၀ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးရုံးနှင့် နီးစပ်သူများက အတည်ပြုသည်။

စစ်ကောင်စီတပ် အင်အား ၅၀ ဦး ထက်မနည်း တပ်စွဲအထိုင်ချထားသည့် မြစ်ကြီးနား - ဗန်းမော်လမ်းရှိ ထိုတပ်စခန်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီတွင် KIA က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“စခန်းကို မနက် ၈ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်။ စခန်းသိမ်းပြီးလို့ သိပ်မကြာဘူး စစ်တပ်က ဂျက် နှစ်စီးနဲ့ လာပြီးတော့ ဗုံးကြဲတိုက်ခိုက်နေတာ ဟုတ်တယ်။ ပထမအရင်လာတဲ့ တစီးက နှစ်ကြိမ်ဆက်တိုက် လာကြဲသွားတယ်။ နောက်ဆုံးလာတဲ့ တစီးလည်း နေရာအနှံ့ဝင်ပစ်သွားတယ်” ဟု KIA ရှေ့တန်းနှင့် နီးစပ်သူများက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် ညပိုင်းအထိ နှစ်ဖက်တပ်များ အပြန်အလှန် လက်နက်ကြီးဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ တိုက်ပွဲအတွင်း ထိခိုက် သေဆုံးမှုများနှင့် အသေးစိတ် အခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ်စခန်းသည် နမ်ဆန်ယန်ကျေးရွာနှင့် ချောင်းသာခြားသည့် အောင်ဂျာရွာတွင် တည်ရှိသည်။ စစ်ကောင်စီတပ်က

နမ်ဆန်ယန် ကျေးရွာတစ်ဝိုက်ကို ယမန်နေ့ နံနက် ၈ နာရီကျော်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ နမ်ဆန်ယန်ကျေးရွာသည် ကချင်လွတ်လပ်ရေးအဖွဲံ (KIO) ဌာနချုပ်အနီးတွင် တည်ရှိသည်။

ဝိုင်းမော် - လိုင်ဇာလမ်းကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကပင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လမ်းတစ်လျှောက် ကချင်လွှတ်မြောက်ရေး တပ်မတော်( KIA)၊ ပူးပေါင်းမဟာမိတ်တပ်တို့က ကြားဖြတ်တိုက်ခိုက်နေ၍ ထိုစစ်ကောင်စီစစ်ကြောင်းသည် နမ်ဆန်ယန်ကျေးရွာကို မရောက်ရှိသေးဘဲ လမ်းခုလတ်တွင် ရှိနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#နမ်ဆန်ယန်

#လိုင်လွမ့်အောင်ဂျာ

သတင်းဗီဒီယို- KIA က စစ်ကောင်စီ၏ လိုင်လွမ့်အောင်ဂျာတပ်စခန်းကို သိမ်းပိုက်ပြီးချိန် စစ်ကောင်စီလေတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်နေသည့် ရုပ်သံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly