ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 September 2023
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်မှ ယနေ့ ၁၇ ရက် နေ့အထိ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ပုလောမြို့နယ် လက္ကူကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်က မြေပြင်မှစစ်ကြောင်းထိုး တိုက်ခိုက်နေ သလို ရေကြောင်းမှလည်း စစ်သင်္ဘောများကပါ လက်နက်ကြီးပစ်ကူပေးနေကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်များသည် နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်၍ လက္ကူးကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအပြင် စစ်ကောင်စီ၏ရေတပ်စစ်သင်္ဘောကအမြောက်ဖြင့် ပစ် ခတ်မှုကြောင့် အသက် ၄၀ ဝန်းကျင် ရေလုပ်သားတဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများ ကပြောသည်။

လက္ကူကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတဦးက “အခုရက်ပိုင်း တိုက်ပွဲက ဆက်တိုက်ဖြစ်နေတော့ ရွာ မှာ လူတွေမနေရဲတော့ဘူး အကုန်ထွက်ပြေးနေရတယ်။

ရွာခံတယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံး သွားတာရှိတယ်” ဟု ပြောသည်။

စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့ အထိ သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ငါးဦးသေဆုံး ခဲ့ကြောင်း၊ PDF တပ်ဖွဲ့ဝင်တဦးထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ် သားတဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း၏ စက်တင် ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီတပ်သားတွေက လက္ကူးရွာက စစ်ရှောင်နေတဲ့ရွာခံတွေကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲထားလို့ ဒီကနေ့ မနက်ပိုင်းအထိ ပစ်ခတ်မှုတွေရှိနေသေးတယ်” ဟု မြိတ်ခရိုင် တပ်ရင်း(၁) သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးကပြောသည်။

စစ်ကောင်စီတပ်သည် ပင်လယ်ဆိပ်ကမ်းကျေးရွာများဖြစ်သော လက္ကူး၊ မှော်ကြောင်း၊ ပိတပ်၊ မြဒေါင်၊ ကျောက္ကာရွာတို့ကို ကုန်းလမ်းရောရေလမ်းမှပါ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက် ဖမ်းဆီးမှုများကြောင့် ဒေသခံထောင်နှင့်ချီ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ပုလောမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်လည်းဖြစ်၍ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း

#ပုလောမြို့နယ်

#လက္ကူးကျေးရွာ

#လူသားဒိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly