မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၉ ဦးထက် မနည်းသေဆုံး 

By MTO (မဇ္ဈိမ)
16 September 2023
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၉ ဦးထက် မနည်းသေဆုံး 

စစ်ကိုင်းတိုင်း ၊  မြောင်မြို့နယ်တွင်  စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးထက်မနည်း သေဆုံးသွားကြောင်း CDSOM တာဝန်ရှိသူ ကိုနွေဦးက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၁၅ ရက်က  မြောင်မြို့နယ် အရှေ့ခြမ်း ထုံးကြိုင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့သည် သောင်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ နှင့် သွားရောက်ပူးပေါင်းရန် သွားသည့်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်‌ေကြာင်း သိရသည်။   

 ငါးနာရီကျော်ကြာ ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲတွင် သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ (CDSOM) က ဆိုသည်။

ထို သေဆုံး ဒဏ်ရာရသူများစာရင်းကို မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

“သောင်ကြီးရွာ မရောက်ခင် ချောင်းကူးမယ့်နေရာမှာဖြတ်ပြီး ရှေ့ ကကော၊ ဘေးကကော တိုက် တာ၊ ချောင်းကူးမယ့်အချိန် ကွင်းပြင်ထဲမှာဖြစ်လို့ သူတို့ ဘက်က အထိအခိုက်များတယ်” ဟု ကိုနွေဦးက ပြောသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ သည် ထုံးကြိုင် ကျေးရွာဘက်သို့ ပြန်ဆုတ်သွားပြီး ရွာထဲရောက်သွားသည့်အချိန်တွင်လည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကိုနွေဦးက ဆိုသည်။

“ထုံးကြိုင်ရွာထဲ ပြန်ဆုတ်တဲ့အချိန်အထိ ရွာပတ်ပတ်လည်ကနေ လိုက်တိုက်တော့ သူတို့က အဲ့ရွာကနေ ထပ်ဆုတ်၊ ထပ်ဆုတ်တဲ့နေရာအထိ လိုက်တိုက်တာ မနက် ၁၀ နာရီလောက်ကနေ တိုက်ပွဲ ဖြစ်တာ။ ညနေ ၃ နာရီလောက်အထိ ရောက်သွားတာ။  တိုက်ပွဲလည်းကြာသွားပြီ။ သူတို့ဘက်လည်း အတော်အထိနာသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသွားသည့် တပ်ဖွဲ့ဝင်များအား ဧရာ၀တီမြစ်ကို ဖြတ်ပြီး တဖက်ကမ်းသို့ ပို့ဆောင်ကာ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း CDSOM က ပြောသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ သည် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ တွင်  နဂါးပေါက်ကျေးရွာနှင့်မင်းတန်းကျေးရွာများတွင် အထိုင်ချတပ်စွဲထားသည်ဟု မဇ္ဈိမက စုံစမ်းသိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြင်းခြံမြို့နယ်နှင့် ဆီးမီးခုံမြို့နယ်ဘက်မှ ဧရာ၀တီမြစ်ကို ဖြတ်ကူးပြီး မြောင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

လက်ရှိမှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ရွာသူ၊ ရွာသား အများအပြား ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်းလည်း ဒေသခံများက ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#‌မြောင်
#Mizzima
#CDSOM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly