ငါန်းမြှာတွင် စစ်ကောင်စီတပ်ဖွဲ့အထိုင်းချနေသည့်နေရာကိုကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်

By MTO (မဇ္ဈိမ)
16 September 2023
ငါန်းမြှာတွင် စစ်ကောင်စီတပ်ဖွဲ့အထိုင်းချနေသည့်နေရာကိုကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးသွားကြောင်း ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ စက်ဘာလ ၁၅ရက်တွင် ထုတ်ပြန်သည်။

“ရပ်ကျေးထွေအုပ်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီး သုံးလုံး ကြဲချတိုက်ခိုက်ခဲ့တယ်။ ခြောက်‌ယောက်သေတယ်လို့ အတည်ပြုနိုင်တယ်” ဟု ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများကို မကြာခဏ ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ငါန်းဇွန်ပကဖထံက သိရသည်။

ယင်းအပြင် စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း ငါန်းဇွန်မြို့နယ် အနောက်ခြမ်းရှိ လင်္ကာဒီပကျေးရွာတွင် ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ငါန်းဇွန် ပကဖမှ တာဝန်ရှိသူက ဆိုသည်။

“သားကျင်ဘက်နေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို လင်္ကာဒီပမှာ ယာယီအထိုင်ချထားတဲ့အချိန် ဒရုန်းနဲ့ ဗုံးသီး ငါးလုံးကြဲချတာမှာ နှစ်ဦးသေပြီး အရာရှိတကောင် (တယောက်)ထိခိုက်မှုရှိတယ်လို့ ကြားတယ်” ဟု ငါန်းဇွန် ပကဖ တာဝန်ရှိသူကပြောသည်။

လင်္ကာဒီပတွင်ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် သားကျင် ၊ လက်ပံလှ၊ အောင်သုခ၊ ယက္ခဒီပ ၊လင်္ကာဒီပ စသည့်ကျေးရွာများကို စစ်ကြောင်းထိုးပြီးနောက် ပြည်သူ ၂၀ နီးပါးကို ဖမ်းဆီးသွားကြောင်း ငါန်းဇွန်ပကဖ အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ငါန်းဇွန် ပ.က.ဖ) ၊

T.G.R people defence force မြောင်မြို့နယ်၊ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ T.G.R Women Drone Force ၊ Black Eagle Defence Force – MMU ၊ Black Eagle Drone force

၊ ကျောက်ဆည်ခရိုင် တပ်ရင်း (၂) ၊ငန်းနက်ပျောက်ကျားအဖွဲ့ ၊ မီးနဂါးပျောက်ကျားအဖွဲ့ ၊ မြင်းခြံခရိုင်တပ်ရင်း (၇) တပ်ခွဲ (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

#မန္တလေးတိုင်း

#ငါန်းဇွန်မြို့နယ်

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

ရုပ်သံအညွှန်း -ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်နေစဉ်။(ရုပ်သံ–Ngazun People”s Defense Force)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly