ကမ္ဘာ့ အကျပ်အတည်းကိစ္စရပ်များကို ဖြေရှင်းရေး ကမ္ဘာ့ခေါင်းဆောင်များကို ကုလ တိုက်တွန်း

ကမ္ဘာ့ အကျပ်အတည်းကိစ္စရပ်များကို ဖြေရှင်းရေး ကမ္ဘာ့ခေါင်းဆောင်များကို ကုလ တိုက်တွန်း
Photo-AFP

ရာသီဥတု ပြောင်းလဲမှု၊ စစ်ပွဲ၊ ကုန်ဈေးနှုန်းတက်မှု၊ တန်းတူညီမျှ မရှိမှုနှင့် အခြားသော ဒုက္ခသုက္ခများနှင့် လုံးပန်းနေရရင်း အကျပ်အတည်းအောက် ရောက်နေသည့် ကမ္ဘာကြီးကို ကယ်တင်ရန် ကမ္ဘာ့ခေါင်းဆောင်များကို ကုလသမဂ္ဂ အကြီးအကဲက စက်တင်ဘာ ၁၃ ရက်တွင် တိုက်တွန်းပြောဆိုသည်။

“ဒီ ကမောက်မက အခြေအနေကနေ လွတ်အောင် ထွက်နိုင်မယ့် လမ်းကြောင်းတခုအတွက် ပြည်သူတွေက သူတို့ရဲ့ ခေါင်းဆောင်တွေကို အားကိုးတကြီး မျှော်လင့်နေကြပါတယ်” ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာ့ခေါင်းဆောင်များ အတူတကွ စုဝေးမည့် နှစ်စဉ်ကျင်းပနေကျ ကုလ အထွေထွေ ညီလာခံ မတိုင်မီ ရက်များအလိုတွင် ပြောသည်။

ယူကရိန်းစစ်ပွဲသည် ပထဝီနိုင်ငံရေး သဘောကွဲလွဲမှုများကို ပိုမိုဆိုးရွားစေခဲ့ပြီး ယင်းစစ်ပွဲ အခြေအနေကို ကုလ ပဋိညာဉ်၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ ငြိမ်းချမ်းရေးလမ်းကြောင်းမှတဆင့် ပြေလျော့စေနိုင်သည်ဟု ဂူတာရက်စ်က ပြောသည်။

သို့သော် လွန်ခဲ့သည့် ၁၈ လအကြာက ရုရှား ကျူးကျော်မှုကြောင့် အစပြုခဲ့သည့် စစ်ပွဲကို အဆုံးသတ်စေမည့် ညှိနှိုင်းဆွေးနွေးမှုများ၏ အလားအလာနှင့်ပတ်သက်ပြီး အကောင်းမမြင်နိုင်သေးဟု ၎င်းက ပြောသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိစေဖို့အတွက် ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်မယ့် အခွင့်အလမ်းတခု ရချင်ပါတယ်။ ဒါပေမယ့်လည်း အဲဒါက ဖြစ်နိုင်ဖို့ တော်တော်လေး ဝေးနေသေးတယ်လို့ ထင်ပါတယ်” ဟု ဂူတာရက်စ်က ပြောသည်။

ယူကရိန်းအတွက် ပင်လယ်နက်မှတဆင့် ဂျုံတင်ပို့ရန် ဘေးကင်းလုံခြုံသည့် ဖြတ်သန်းသွားလာခွင့်ရစေသည့် ရုရှားနှင့် သဘောတူညီချက်တရပ်ကို ပြန်လည်အသက်သွင်းရေး အာရုံစိုက်သွားမည်ဟု ၎င်းက ပြောသည်။

၎င်းအနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၊ တူရကီ သမ္မတ ရီဆက် တေယစ်ပ် အာဒိုဂန် ကဲ့သို့ သဘောတူညီချက်အတွက် အဓိကကျသူများနှင့် လာမည့်သီတင်းပတ်တွင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ဂူတာရက်စ်က ပြောသည်။

ထို သဘောတူညီချက်ကို ၂၀၂၂ ခုနှစ် နွေရာသီက ကုလသမဂ္ဂနှင့် တူရကီ၏ ကမကထပြုမှုအောက်တွင် ညှိနှိုင်းရယူခဲ့ခြင်း ဖြစ်သည်။ အဓိက ဂျုံထုတ်လုပ်သူ ယူကရိန်းက စစ်ပွဲကြောင့် ပြည်ပတင်ပို့နိုင်ခြင်း မရှိခဲ့ချိန်တွင် ကမ္ဘာတဝန်း အစားအစာဈေးနှုန်းများ တဟုန်ထိုးတက်မှုကို ပြေလျော့စေရန် ယင်းသဘောတူညီချက်က အဓိကကျသည်။

သို့သော် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် မိမိတို့၏ လယ်ယာထွက်ကုန်များနှင့် ဓာတ်မြေဩဇာများ ပြည်ပတင်ပို့မှုအပေါ် အဟန့်အတားဖြစ်စေသည်ဟု ပြောရင်း ရုရှားက ဇူလိုင်လတွင် အထက်ပါ ယူကရိန်း ဂျုံသဘောတူညီချက်မှ နုတ်ထွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly