ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်စုကို တိုက်ခိုက်မှု ၃ ဦးသေဆုံးဟုဆို

By လွှမ်းမိုး(မဇ္ဈိမ)
14 September 2023
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်စုကို တိုက်ခိုက်မှု ၃ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အထက်ပိုင်း၊မြွေပိုင်းတောင်အနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ  စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံမှ သိရသည်။

စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ AT ကပြောသည်။

“ စနိုက်ပါကို အဓိကထားပြီး အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကြီး တွေနဲ့လည်း ပွိုင့်နေရာ နှစ်ခုကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း KLGက ထုတ်ပြန်သည်။ 

“ စစ်သားသေဆုံးမှုကို စနိုက်ပါ သမားလည်း မြင်လိုက်ရတဲ့အပြင် စစ်သားတွေသုံးတဲ့ ဆက်သွယ်ရေး အိုင်ကွန်တွေက ကျနော်တို့ဆီလိုင်းတွေလာပူးပြီး သေဆုံးကြောင်းကို အတည်ပြုနိုင်ခဲ့တယ်” ဟု 
AT ကပြောသည်။

တိုက်ပွဲကို KLG PDF ၏ ယင်းမာပင်ခရိုင် တပ်ရင်း၂၁၊၂၂၊၂၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ရေယာဉ်အုပ်စုတွင် သင်္ဘောခြောက်စီးပါဝင်ပြီး ယနေ့စက်တင်ဘာ၁၄ရက်တွင် ကလေးဝမြို့သို့ ရောက်ရှိသွားပြီဟု သိရသည်။ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့ဘက်မှ စုန်ဆင်းလာသည့် ကျောက်စိမ်းနှင့် ကျောက်မီးသွေးမော်တော်ယာဉ်များကို လုံခြုံရေးယူပေးရန် အထက်သို့ ဆန်တက်နေခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဟုမ္မလင်းမှ စုန်ဆင်းလာသည့် ရေယာဉ်အုပ်စုမှာလည်း ယနေ့ နံနက်တွင် မော်လိုက်မြို့၊ ကြာအင်းရွာသို့ ရောက်ရှိနေပြီဟု သိရသည်။ မြစ်ကမ်းဘေးဒေသမှ ပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly