ထိုင်းက စီးပွားရေး မြှင့်တင်ရန် တရုတ်နှင့် ကာဇက်စတန် ဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့် ပေးမည် 

ထိုင်းက စီးပွားရေး မြှင့်တင်ရန် တရုတ်နှင့် ကာဇက်စတန် ဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့် ပေးမည် 
Photo - REUTERS

ပို့ကုန် အားနည်းခြင်းကြောင့် နှေးကွေးနေသော စီးပွားရေးအား စေ့ဆော်နိုင်ရန်အတွက် ထိုင်းနိုင်ငံသည် နှစ်ကုန် ရာသီကောင်း၌ ခရီးသွားဧည့်သည် ပိုမို ဆွဲဆောင်နိုင်ပြီး အသုံးစရိတ်များ ရှိလာရန် ကြိုးစားခြင်းအဖြစ် တရုတ်နှင့် ကာဇက်စတန်မှ လာရောက်သူများအတွက် ခရီးသွားဗီဇာ လိုအပ်ချက်များကို ယာယီကင်းလွတ်ခွင့် ပေးတော့မည် ဖြစ်သည်။ 

တရုတ်နှင့် ကာဇက်စတန်က ဧည့်သည်များ ထိုင်းနိုင်ငံသို့ လာရောက်ရာတွင် စက်တင်ဘာ ၂၅ ရက်မှ ၂၀၂၄ ဖေဖော်ဝါရီအကုန်အထိ လွတ်လပ်စွာ ဝင်ရောက်ခွင့်ကို ခွင့်ပြုပေးသော Visa Free policy (ဗီဇာကင်းလွတ်မူဝါဒ) ကို ဗုဒ္ဓဟူးနေ့ အစိုးရအဖွဲ့အစည်းအဝေးအတွင်း ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်း အစိုးရသစ်က အတည်ပြုခဲ့သည်။ 

“သက်ရောက်မှုကို မြင်ရတွေ့ရဖို့ ဒီ မူဝါဒကို ကျွန်တော်တို့ ယာယီအကောင်အထည် ဖော်သွားမှာ ဖြစ်တယ်”ဟု ဆရတ်သာက အစည်းအဝေးအပြီး သတင်းထောက်များအား ပြောသည်။ 

လက်ရှိတွင် ထိုင်းနိုင်ငံသည် စင်ကာပူနှင့် အင်ဒိုနီးရှား အပါအဝင် နိုင်ငံနှင့် ဒေသ ၅၀ ကျော်မှ ခရီးသွားဧည့်သည်များကို ရက် ၃၀ နေထိုင်နိုင်ခွင့် ဗီဇာကင်းလွတ်ခွင့် ပေးထားသည်။ အဆိုပါ နိုင်ငံများတွင် တရုတ်နိုင်ငံ မပါဝင်သေးဘဲ တရုတ်ဧည့်သည်များမှာ ထိုင်းသို့ ဝင်ရောက်ရန် ဗီဇာအတွက် လျှောက်ထားကြရသည်။ 

ခရီးသွားလုပ်ငန်းအား ထောက်ပံ့ခြင်းသည် ဆရတ်သာ၏ လက်ငင်း ရည်မှန်းချက်တရပ်ဖြစ်ပြီး ဒုတိယ သုံးလပတ်၌ ဖွံ့ဖြိုးမှု ၁ ဒသမ ၈ ရာခိုင်နှုန်းဖြင့် နှေးကွေးနေသော ထိုင်းစီးပွားရေးအား မြှင့်တင်ရန်နှင့် အသုံးစရိတ်များ မြင့်တက်လာရန် ၎င်းက ရည်ရွယ်ထားသည်။ ထိုင်းစီးပွားရေးသည် နိုင်ငံ ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းကျော် ရှိသော ပို့ကုန်ကျဆင်းခြင်းကြောင့် အများစုအားဖြင့် နှေးကွေးလျက် ရှိခြင်း ဖြစ်သည်။ 

ယခုနှစ်၌ ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ယခင် ခန့်မှန်းထားသော ၂ ဒသမ ၇ ရာခိုင်နှုန်မှ ၃ ဒသမ ၇ ရာခိုင်နှုန်းမှ ကျဆင်းကာ ၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၀ ရာခိုင်နှုန်း ဖွံ့ဖြိုးမည်ဟု အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ကောင်စီက လက်ရှိတွင် ခန့်မှန်းထားသည်။ 

ဂျီဒီပီ၏ ၁၈ ရာခိုင်နှုန်းနီးပါး ရှိသော ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ပြည်ဝင်ခွင့် ကန့်သတ်ချက်အားလုံး ရုပ်သိမ်းလိုက်သည့် ၂၀၂၂ ဒုတိယနှစ်ဝက်၌ ဦးမော့မှု စတင်သည်။ နောက်ဆုံး သုံးလပတ်တွင် ဦးမော့မှုက ခိုင်မာအားကောင်းခဲ့သည်။ 

ယခုနှစ် ပထမ ရှစ်လအတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြားဧည့်သည် ၁၇ ဒသမ ၉ သန်း ဝင်ရောက်ရာ ယခင်နှစ် အလားတူကာလက ၃ ဒသမ ၂ ရာခိုင်နှုန်းသာ ဝင်ရောက်ခဲ့သည်။ တရုတ်ဧည့်သည်မှာ စုစုပေါင်း၏ အများစုကို ကိုယ်စားပြုနေပြီး ၂ ဒသမ ၂ သန်းရှိသည်။ သို့ရာတွင် ၂၀၂၃ ၌ တရုတ်ဧည့်သည် ၅ သန်း ဝင်ရောက်မည် ရည်မှန်းချက်၏ တဝက်ပင် မပြည့်မီသေးပေ။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required