ဂျပန်တောင်ပိုင်းတွင် အင်အားပြင်းငလျင်တစ်ခုထပ်မံလှုပ်ခတ်၊ အနည်းဆုံး ၃ ဦးသေဆုံး၊ ရာနှင့်ချီဒဏ်ရာရ

ဂျပန်တောင်ပိုင်းတွင် အင်အားပြင်းငလျင်တစ်ခုထပ်မံလှုပ်ခတ်၊ အနည်းဆုံး ၃ ဦးသေဆုံး၊ ရာနှင့်ချီဒဏ်ရာရ

တိုကျို၊ ဧပြီ၊ ၁၆ ။   ။ ဂျပန်နိုင်ငံတောင်ပိုင်း၊ ကျူးရှုးပြည်နယ်ရှိ၊ ကူမာမိုတိုမြို့တွင် ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်တစ်ခု ယနေ့နံနက်အစောပိုင်းကထပ်မံလှုပ် ခတ်ခဲ့ပြီး အနည်းဆုံး ၃ ဦးသေဆုံးကာ ရာနှင့်ချီ၍ဒဏ်ရာရရှိခဲ့သည်။

ယင်းဒေသ၌ ကြာသာပတေးနေ့က အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ရသည့် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး တစ်ရက်ခန့်အကြာမှာပင် ယခုကဲ့သို့ အထိအခိုက်များသည့် အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုတစ်ကြိမ်လှုပ်ခတ်သည့် ပြင်းအား ၇.၃ ရှိ ငလျင်မှာ စနေနေ့၊ ဒေသစံတော်ချိန် နံနက် ၁ နာရီ၊ ၂၅ မိနစ်တွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ဆည်တစ်ခုကျိုးခဲ့သဖြင့် ရွာတစ်ရွာကိုအရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရသည်။

 

ငလျင်ကြောင့် ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ခဲ့ရသေးသော်လည်း မိနစ် ၅၀ခန့်အကြာတွင် ပြန်လည်ရုပ်သိမ်းသွား ခဲ့သည်။

ယခုထပ်မံလှုပ်ခတ်သည့် ငလျင်သည် ကြာသာပတေးနေ့ကလှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ .၁ အဆင့်ရှိ ငလျင်ထက် အင်အားပိုမိုပြင်းထန်ခြင်းကြောင့် အဆောက်အဦပြိုကျပျက်စီးမှုများလည်း ပိုမိုများပြားခဲ့သည်။

ထောင်နှင့်ချီသောလူများမှာ ဘေးကင်းနိုင်မည့် ပန်းခြံများ၊ ကွက်လပ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း အဆောက်အဦများအတွင်းပိတ်မိနေသူများလည် ကျန်ရှိနေဆဲဖြစ်သည်။

သို့သော် ထိုဒေသရှိ နျူကလီးယားဓါတ်အားပေးစက်ရုံမှာမူ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly