ဆိုရှယ်မီဒီယာပေါ်တွင် ကုန်ပစ္စည်းများ ရောင်းချမှုကို ပိတ်ပင်ရန် အင်ဒိုနီးရှား စီစဉ်

By Nikkei Asia
13 September 2023
ဆိုရှယ်မီဒီယာပေါ်တွင် ကုန်ပစ္စည်းများ ရောင်းချမှုကို ပိတ်ပင်ရန် အင်ဒိုနီးရှား စီစဉ်

အင်ဒိုနီးရှားအစိုးရသည် ကုန်သွယ်မှုစည်းမျဉ်းသစ်များအရ ဆိုရှယ်မီဒီယာပေါ်တွင် ကုန်ပစ္စည်းများ ရောင်းချခြင်းကို ပိတ်ပင်ရန် စီစဉ်လျက် ရှိကြောင်း ကုန်သွယ်ရေးဒုဝန်ကြီးဖြစ်သူက စက်တင်ဘာ ၁၂ ရက် ပါလီမန် အစည်းအဝေးတခုတွင် ပြောသည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် အမြတ်ကြီးစား ဈေးနှုန်းသတ်မှတ်မှုများ အသုံးပြု လုပ်ဆောင်နေသည့် e-commerce ဈေးရောင်းသူများကြောင့် အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေး ရှိသည့် နိုင်ငံတွင် အော့ဖ်လိုင်း (offline) ဈေးကွက်များကို ခြိမ်းခြောက်လျက် ရှိကြောင်း ဝန်ကြီးများက ထပ်တလဲလဲ ပြောထားသည်။

အင်ဒိုနီးရှား၏ လက်ရှိ ကုန်သွယ်မှု စည်းမျဉ်းများအရ ဆိုရှယ်မီဒီယာပေါ် တိုက်ရိုက် အရောင်းအဝယ်များကို တိတိကျကျ အကျုံးဝင်စေခြင်း မရှိပေ။
“ဆိုရှယ်မီဒီယာနဲ့ ဆိုရှယ် ကောမာ့စ် ကို ပေါင်းစပ်လို့ မရနိုင်ပါဘူး” ဟု အင်ဒိုနီးရှား ကုန်သွယ်ရေး ဒုဝန်ကြီး ဂျာရီ ဆမ်ဘူအာဂါက ပါလီမန်ကို ပြောသည်။ ကုန်ပစ္စည်းများ ရောင်းချရန် ဗီဒီယိုအတို ပလက်ဖောင်း TikTok ပေါ်ရှိ “live” features များကို အသုံးပြုနေသည့် ရောင်းချသူများကို ဥပမာပေးရင်း ၎င်းက ပြောသည်။

“လက်ရှိ လုပ်ဆောင်လျက် ရှိတဲ့ ကုန်သွယ်ရေး စည်းမျဉ်း ပြင်ဆင်ချက်တွေအရ အဲဒါကို အခိုင်အမာ ပိတ်ပင်သွားပါမယ်” ဟု ဆမ်ဘူအာဂါက ပြောသည်။

ဆိုရှယ်မီဒီယာနှင့် e-commerce ကို မတူညီသည့် ပလက်ဖောင်းများအဖြစ် ခွဲခြားခြင်းက တီထွင်ဆန်းသစ်မှုကို အဟန့်အတားဖြစ်စေလိမ့်မည် ဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားအစိုးရအနေဖြင့် ကုမ္ပဏီအတွက် မျှတသည့် အခြေအနေတရပ် ပံ့ပိုးပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း TikTok က ပြောသည်။

“ခုလို ပိတ်ပင်မယ်ဆိုရင် အင်ဒိုနီးရှား ကုန်သည်တွေနဲ့ သုံးစွဲသူတွေအတွက် ဆိုးကျိုးဖြစ်စေပါလိမ့်မယ်” ဟု TikTok ၏ အင်ဒိုနီးရှားဆိုင်ရာ ကိုယ်စားလှယ် အန်ဂီနီ ဆီတီယာဝန်က ရိုက်တာကို စက်တင်ဘာ ၁၃ ရက်တွင် ပြောသည်။

ပလက်ဖောင်းတွင် marketplace feature တခုရှိသည့် Facebook ၏ မိခင်ကုမ္ပဏီ Meta က ယခုကိစ္စနှင့်ပတ်သက်ပြီး ရိုက်တာ၏ အီးမေးလ်ဖြင့် မှတ်ချက်တောင်းခံမှုကို ဖြေကြားခြင်း မရှိသေးပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required