စစ်ကောင်စီစစ်သားများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကိစ္စ စုံစမ်းစစ်ဆေးရန် ထိုင်းအစိုးရကို ထိုင်းလွှတ်တော်အမတ် တောင်းဆို

စစ်ကောင်စီစစ်သားများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကိစ္စ စုံစမ်းစစ်ဆေးရန် ထိုင်းအစိုးရကို ထိုင်းလွှတ်တော်အမတ် တောင်းဆို

လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် မြန်မာစစ်ကောင်စီ စစ်သားများ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ထဲ ဝင်ရောက်မှု သတင်းများကို စုံစမ်းစစ်ဆေးရန် ထိုင်း Fair Party မှ လွှတ်တော်အမတ် ကန်နဗီး ဆူးဘ်ဆန်းက ထိုင်းအစိုးရကို တိုက်တွန်းတောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင် ဖော်ပြသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိုင်းဘက် ဝင်ရောက်မှု သတင်းများကို အတည်ပြုနိုင်ပါက ထိုင်းအစိုးရအနေဖြင့် ထိုဖြစ်စဉ် ဖြစ်ပျက်ခဲ့မှုနှင့်ပတ်သက်ပြီး ပြည်သူကို ရှင်းပြရလိမ့်မည်ဟုလည်း ထိုင်း အတိုက်အခံအမတ်က ပြောသည်။
ထိုဖြစ်စဉ်များကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အနေဖြင့် ထိုင်းက မြန်မာစစ်တပ်ဘက်က ပါနေသည် ဆိုပြီး ထင်မြင်ယူဆသွားလိမ့်မည် ဖြစ်ကြောင်း ထိုင်းအမတ်က ပြောသည်။

“မြန်မာစစ်သားအယောက် ၁၀၀ နီးပါးလောက် ထိုင်းရဲ့ အချုပ်အခြာအာဏာပိုင်နက်ကို အဲဒီလို ချိုးဖောက်မှုမျိုးက နယ်စပ်နဲ့ ဆိုင်တဲ့ ကိစ္စရပ်သက်သက် မဟုတ်ပါဘူး။ အဲဒါမျိုးက နိုင်ငံတော်အရေးကိစ္စတရပ် ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့အနေဖြင့် ယခုကိစ္စကို စုံစမ်းစစ်ဆေးသင့်ပြီး ယင်းကို နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတခုအဖြစ် သဘောထားသင့်ကြောင်း ၎င်းက ပြောသည်။

လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် မြန်မာစစ်ကောင်စီ စစ်သားအယောက် ၈၀ နှင့် ၁၀၀ အကြားသည် ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က နယ်စပ်ဖြတ်ပြီး ထိုင်းဘက်ရှိ နယ်စပ် ကျေးရွာနှစ်ခု ဖြစ်သည့် ဘန်လီထုံခူ နှင့် ဘန်မော်တ လွာ တို့ကို ဝင်ရောက်လာခဲ့ကြောင်း နှစ်နိုင်ငံ နယ်စပ်ဧရိယာတွင် ရှိနေသည့် တက်ကြွလှုပ်ရှားသူများထံမှ သတင်းအချက်အလက်ကို ကိုးကားပြီး ထိုင်းအမတ် မစ္စတာ ကန်နဗီးက ပြောသည်။

မြန်မာစစ်သားများသည် ထိုင်းကျေးရွာသားတစု နေထိုင်ရာနေရာတခုနှင့် တစ်ကီလိုမီတာ အကွာ လယ်ကွင်းတခုတွင် စခန်းချခဲ့ပြီး နယ်စပ်၏ တခြားတဖက်ရှိ မြန်မာကျေးရွာတခုတွင် ကရင်လက်နက်ကိုင်အဖွဲ့များ ဝန်းရံထားခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုင်းမြေပေါ်တွင် မြန်မာစစ်သားများ ရောက်နေကြောင်းကို ထိုင်းရွာသားများက ရွာအကြီးအကဲကို သတင်းပို့ခဲ့ကြောင်း ၎င်းက ပြောသည်။
မြန်မာစစ်သားများ ထိုင်းမြေပေါ်တွင် ရောက်နေသည့်ကိစ္စကို ထိုင်းနိုင်ငံသားတဦးက စက်တင်ဘာ ၅ ရက်တွင် ဆိုရှယ်မီဒီယာပေါ် တင်ချိန် မတိုင်ခင်အထိ အနီးအနားတွင် တပ်ချသည့် ထိုင်းစစ်သားများက ကျူးကျော်ဝင်ရောက်လာသူများနှင့်ပတ်သက်ပြီး တစုံတရာ ဆောင်ရွက်ရန် ငြင်းဆန်ခဲ့ကြောင်း ထိုင်းအမတ်က ပြောသည်။

ထိုင်းစစ်တပ်၏ အထူးတပ်ဖွဲ့တခုက မြန်မာစစ်သားများနှင့် KNLA တို့ထံ သွားရောက် ညှိနှိုင်းရန် အဖွဲ့တခု စေလွှတ်ခဲ့ပြီး ယင်းနောက် KNLA က စစ်ကောင်စီစစ်သားများကို ပိတ်ဆို့ထားသည့် လမ်းကြောင်းကို ပြန်ဖွင့်ပေးရန် သဘောတူခဲ့ကြောင်း သတင်းရင်းမြစ်တဦးက ပြောသည်။

သို့သော် မြန်မာစစ်သားများက ထိုင်းဘက်မှ ပြန်လည်ထွက်ခွာရန် ဆက်လက်ငြင်းဆန်ခဲ့ခြင်းကြောင့် ထိုင်းစစ်တပ်က နောက်တကြိမ် သွားရောက် ညှိနှိုင်းရာမှ မြန်မာစစ်သားများ ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။
ယင်းနောက် သီတင်းပတ်ကုန်တွင် မြန်မာစစ်သား ၁၀ ယောက်နှင့် ၂၀ ယောက်အကြားသည် ရိက္ခာဝယ်ရန် ဘန်လီထုံခူ ရွာကို ထပ်မံ ရောက်လာခဲ့ပြန်၍ ရွာအကြီးအကဲက ထိုင်းစစ်တပ်ကို သတင်းပို့အကြောင်းကြားခဲ့ရပြီး ယင်းနောက် ထိုင်းစစ်သားများ သွားရောက် ညှိနှိုင်း၍ မြန်မာစစ်သားများကို မြန်မာဘက်သို့ ပြန်သွားစေခဲ့ကြောင်း ထိုင်းအမတ်က ပြောသည်။

Border-hopping Myanmar troops cause alarm
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly