ရိုဟင်ဂျာများအတွက် ရန်ပုံငွေသစ် ပေါင် ၃ သန်းအား ဗြိတိန် ကြေညာ 

ရိုဟင်ဂျာများအတွက် ရန်ပုံငွေသစ် ပေါင် ၃ သန်းအား ဗြိတိန် ကြေညာ 

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ရန်ပုံငွေသစ် ပေါင် သုံးသန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း) ကို ဗြိတိန်က အင်္ဂါနေ့တွင် ကြေညာသည်။ 

“ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဆီ ဗြိတိန်ရဲ့ နောက်ထပ် ပေါင် သုံးသန်း ထည့်ဝင်မှုကို ကြေညာရတာအတွက် ကျွန်တော်အနေနဲ့ ဝမ်းမြောက်ပါတယ်၊ ဒီ ထည့်ဝင်ငွေအားဖြင့် ကော့ဘဇားနဲ့ ဘာဆန်ချားမှာ ရှိတဲ့ ဒုက္ခသည်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေသန့်၊ တကိုယ်ရည် သန့်ရှင်းရေး၊ မိလ္လာစနစ်နဲ့ ဟင်းချက်ဆီတွေကို ရရှိဖို့မှာ အကူအညီ ဖြစ်စေမှာ ဖြစ်ပါတယ်”ဟု ဗြိတိန် ပြည်ပ ဓနသဟယနှင့် ဖွံ့ဖြိုးရေးရုံးမှ အမြဲတမ်း လက်ထောက်အတွင်းဝန် ဆာ ဖိလစ်ဘာတန်က ပြောသည်။ ၎င်းသည် နှစ်ရက်တာ ခရီးစဉ်အဖြင့် ဘင်္ဂလားဒေ့ရှ်ဆီ တနင်္လာနေ့က ရောက်ရှိခဲ့သည်။ 

ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) မှတဆင့် ဗြိတိန်က ယခု ရန်ပုံငွေသစ်ကို ပေးအပ်သွားမည် ဖြစ်သည်။ 

“ဘင်္ဂလားဒေ့ရှ်ဆီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မောင်းထုတ်ခဲ့တဲ့ ၂၀၁၇ ရက်စက်ကြမ်းကြုတ်မှုတွေကနေ ခြောက်နှစ်ကြာတဲ့အထိ ဗြိတိန်ဟာ ရိုဟင်ဂျာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပဋိပက္ခဒဏ်သင့်သူ အားလုံးနဲ့ ဆက်လက်ရပ်တည်နေပါတယ်”ဟု ဘာတန်က ပြောသည်။ 

“မြန်မာနိုင်ငံဆီ ရိုဟင်ဂျာတွေ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ ဆန္ဒအလျောက် ပြန်နိုင်မယ့်အထိ ရေရှည်ဖြေရှင်းမှုဆီ ကျွန်တော်တို့ ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်၊ အဲဒီအချိန်အထိ ဗြိတိန်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်က လက်ခံထားတဲ့ အသိုင်းအဝိုင်းတွေကို ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံမှ အတင်းအကျပ် ရွှေ့ပြောင်းခဲ့ရသည့် ရိုဟင်ဂျာ ၁ ဒသမ  ၂ သန်းကျော်သည် ကော့ဘဇားရှိ လူပြည့်သိပ်သော စခန်းများနှင့် ဘင်္ဂလားပင်လယ်အော်ရှိ ဘာဆန်ချားကျွန်းတို့တွင် နေထိုင်နေရလျက် ရှိသည်။ 

ဒုက္ခသည်အများစုမှာ ရခိုင်ပြည်နယ်တွင် ၂၀၁၇ ဩဂုတ်လအတွင်း လူမဆန်သော စစ်တပ်၏ ဖြိုခွင်းမှုမှ ထွက်ပြေးလာကြသူ အများစုဖြစ်သည်။ 

ငါးကြိမ်မြောက် ဗြိတိန်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာ ဆွေးနွေးပွဲအတွက် ဒါကာသို့ ရောက်ရှိနေသည့် ဘာတန်က ယင်းဆွေးနွေးပွဲသည် နှစ်နိုင်ငံ၏ ခေတ်သစ်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လုံခြုံရေးမိတ်ဖက်ပြုမှုတို့ကို ပြသနေကြောင်း အင်္ဂါနေ့က ထုတ်ပြန်ချက်၌ ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly