ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောကို ကာကွယ်ရေးအဖွဲ့များတိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
12 September 2023
ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောကို ကာကွယ်ရေးအဖွဲ့များတိုက်ခိုက်

ဧရာဝတီမြစ်အတွင်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီတပ်စစ်သင်္ဘောကို တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army က စက်တင်ဘာလ ၁၁ရက်နေ့တွင် ထုတ်ပြန်သည်။

ဆန်တက်လာသည့် စစ်သင်္ဘောကို စက်တင်ဘာလ ၁၀ရက် ညနေ ၅နာရီ ၃၀မိနစ်တွင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း မြစ်ကြောင်းတနေရာတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“​ေ-ွး(စစ်ကောင်စီတပ်) သင်္ဘောဆန်တက်လာတယ်လို့ ခိုင်လုံတဲ့သတင်းပေးချက်အရ ကျနော်တို့ စောင့်ပြီးတိုက်ခဲ့တာပါ ၊ သေဆုံးထိခိုက်တဲ့စာရင်းကိုတော့ စုံးစမ်းနေဆဲပါ” ဟု Brave Heart Army တာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

အဆိုပါ စစ်သင်္ဘောအား ရှေ့ထွက်ပြောင်းတိုက် ကိုးလုံးကို နေရာ သုံးနေရာမှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ငါးမိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးနိုင်သော်လည်း အရေအတွက်ကိုမူ မသိရှိရကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၁၀) တပ်ခွဲ(၂) Chindwin Fighter Group (CFG) အဖွဲ့မှ ဦးဆောင်ပြီး မုံရွာခရိုင်တပ်ရင်း(၉) တပ်ခွဲ(၃) ၊ ဗန္ဓုလနှင့်အဖွဲ့သားများ နှင့် Brave Heart Army (BHA) တို့မှပူးပေါင်းခဲ့ပြီး အထိအခိုက်မရှိကြောင်း သိရသည်။

အလားတူ အဆိုပါ စစ်သင်္ဘောကိုပင် မုံရွာမြို့နယ်အတွင်းရောက်ချိန် ကာကွယ်ရေး တပ်ဖွဲ့များမှ စုပေါင်း၍ စက်တင်ဘာလ ၁၀ရက် ည ၇နာရီ ၁၀မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း chindwin Attack Force ကလည်း ထုတ်ပြန်ထားသည်။

ချင်းတွင်းမြစ်ကြောင်း မုံရွာမြို့နယ်တနေရာတွင် ရှေ့ထွက်ပြောင်းများ လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်အထိနာသဖြင့် အနီးရှိကင်းစခန်းကို မီးကျည်ဖြင့် နှစ်ကြိမ်ပြပြီး ပစ်ကူတောင်းခဲ့ကြောင်းဆိုသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (chindwin Attack Force) တပ်ရင်း(၄) 5/Teachers People Defense Force ၊ Fight For Freedom ၊ chindwin Defense Force (CDF) နှင့် ချင်းတွင်းတိုးနယားတပ်ဖွဲ့တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်သင်္ဘောသည် မုံရွာဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး အထက်သို့ ဆက်လက် ဆန်တက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required