KNLA တပ်မဟာမှူးနှင့်ဗျူဟာမှူး အပြောင်းအလဲများသည် နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ပြော 

By မောင်ခက်နွေ (မဇ္ဈိမ) 
12 September 2023
KNLA တပ်မဟာမှူးနှင့်ဗျူဟာမှူး အပြောင်းအလဲများသည် နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ပြော 
ပုံအညွှန်း- တပ်မဟာ (၇) တပ်မဟာမှူးအသစ် ဗိုလ်မှူးကြီး စောဒိကွယ်ထူး (ဓါတ်ပုံ- ပေးပို့)

ခြောက်လတကြိမ်ကျင်းပသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူး များအစည်းအဝေးတွင် ခရိုင်သုံးခုမှ တပ်မဟာမှူးနှင့် ဗျူဟာမှူးများ ပြောင်းလဲခန့်အပ်လိုက်ခြင်းသည် ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာသက်ရောက်မှုမရှိကြောင်း  KNU ဗဟိုမှ ပြော ရေးဆိုခွင့်ရှိသူများဖြစ်သည့် ဒိုစောကလယ်စေးနှင့် ပဒိုစောတောနီးတို့က မဇ္ဈိမကို ပြောသည်။
 
“တပ်မဟာမှူးတွေရဲ့ အပြောင်းအလဲကို စက်တင်ဘာလ ၆၊ ၇၊ ၈ မှာ ပြုလုပ်တဲ့ တပ်မှူးအစည်းအဝေးမှာ လုပ်ခဲ့တယ်ပေါ့နော်။ များသောအားဖြင့် လိုအပ်ရင်လိုအပ်သလို အပြောင်းအလဲလုပ်လေ့ရှိတယ်။ အခု ပြောင်းလဲလိုက်တဲ့ခေါင်းဆောင်တွေက အသက်အရွယ်အပိုင်းအခြားအရနဲ့ တချို့ကတော့ အခြားသော တာဝန်တွေ ဆက်ယူဖို့ရှိတဲ့အပေါ်မှာ အခုလို အပြောင်းအလဲလုပ်တာဖြစ်တယ်” ဟု KNU ဗဟို ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ပြုလုပ်ခဲ့သော ခြောက်လပတ် KNLA တပ်မှူးများအစည်းအဝေး တွင် KNU တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်နှင့် တပ်မဟာ(၇) ဖားအံခရိုင် စသည့် ခရိုင်သုံးခုမှ တပ်မဟာမှူးများနှင့် ဗျူဟာမှူးများအား ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။

KNU တပ်မဟာ(၄) ထားဝယ်ခရိုင် တပ်မဟာမှူးအဖြစ် ယခင် ဗိုလ်မှူးချုပ်စောလေးမူနေရာတွင် ဒုတိယ ဗိုလ်မှူးကြီး စောဖိုးလေး၊ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်တပ်မဟာမှူးအဖြစ် ယခင် ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးနေရာတွင် ဗိုလ်မှူးကြီးစောကို့ထူး၊ KNU တပ်မဟာ(၇) ဖားအံခရိုင်တပ်မဟာမှူးအဖြစ် ယခင် ဗိုလ်မှူးချုပ်စောဖောဒိုနေရာတွင် ဗိုလ်မှူးကြီး စောဒိကွယ်ထူးတို့အား ပြောင်းလဲခန့်အပ်ခဲ့သည်။ 

ထို့ပြင် တပ်မဟာ (၄) ထားဝယ်ခရိုင် ဗျူဟာမှူးအဖြစ် စောလေးသေ့၊ တပ်မဟာ (၆) ဒူးပလာယာခရိုင် ဗျူဟာမှူးအဖြစ် စောနယ်ဒါးထူး၊ တပ်မဟာ (၇) ဗျူဟာမှူးအဖြစ် စောဖိုးဒူတို့ကို ခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။

တပ်မဟာမှူးသည် တပ်မဟာတစ်ခု၏ အလုံးစုံသောကိစ္စရပ်များအား စီမံကွပ်ကဲရပြီး ဗျူဟာမှူးမှာ တပ်မဟာ၏ စစ်ရေးကိစ္စများအား စီမံကွပ်ကဲရသည့် စစ်ရေး ဒုတိယအဆင့် တာဝန်ရှိသူများဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ KNLA တပ်မဟာမှူးများ၊ ဗျူဟာမှူးများ အပြောင်းအလဲဖြစ်ခြင်းသည် KNU ၏ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ဗဟိုပြောခွင့်ရ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

“စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်မဆို တိုက်ဖျက်ရေးဆိုတာ ကျွန်တော်တို့ နဂိုကတည်းကရှိခဲ့တဲ့ မူဝါဒတွေဖြစ်တယ်။ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံလို့မရတဲ့ဟာတွေဖြစ်တဲ့အပေါ်မှာ အဲ့ဒီမူဝါဒအတိုင်း ပဲ တပ်တွေက အကောင်အထည်ဖော်တာပဲလေ” ဟု ပြောသည်။

“တပ်မှူးတွေအပြောင်းအလဲကြောင့် နိုင်ငံရေးနဲ့စစ်ရေးအပေါ်သက်ရောက်မှုကတော့ အထွေအထူးတော့ မရှိပါဘူး။ ကျွန်တော်တို့ KNU က ချမှတ်ထားတဲ့ နိုင်ငံရေးအရ သွားရမယ့်လမ်းကြောင်းတွေအပေါ် တပ် ကနေ အထောက်အကူပြုစေတဲ့စစ်ရေးစီမံချက်တွေကို အကောင်အထည်ဖော်မယ့် တပ်မှူးတွေရဲ့ တာဝန် ဝတ္တရားပဲဖြစ်တယ်လို့ ပြောပါရစေ" ဟု ပဒိုကလယ်စေးကလည်း ဆိုသည်။

ခြောက်လပတ် KNLA တပ်မှူးများအစည်းအဝေးတွင် ရာထူး၊ တာဝန် ပြောင်းလဲသွားခြင်းမရှိသည်မှာ  တပ်မဟာ(၁) သထုံခရိုင်တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး၊ တပ်မဟာ(၂) တောင်ငူခရိုင် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂတ်စတင်း၊ တပ်မဟာ (၃) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးတြော်၊ တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂေနွီးတို့ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဟူ၍ လက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့ရှိပြီး နယ်မြေတပ်မဟာ ခုနစ်ခုရှိသည်။

KNU တပ်မဟ ခုနစ်ခုမှာ တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင် လေးပင်ခရိုင်၊ တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင် နှင့် တပ်မဟာ(၇) ဘားအံခရိုင်တို့ဖြစ်ပြီး ဘားအံခရိုင်မှလွဲ၍ ကျန်တပ်မဟာခြောက်ခုအတွင်း၌ KNU လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required