မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ သဘောတူလက်မှတ်ရေးထိုးသွားမယ်လို့ဆို

By Spring
12 September 2023
မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ သဘောတူလက်မှတ်ရေးထိုးသွားမယ်လို့ဆို

မြန်မာနဲ့ ရုရှားနိုင်ငံအကြား ရေနံရောင်းဝယ်ရေးကိစ္စတွေမှာ မြန်မာကျပ်ငွေ၊ ရုရှားရူဘယ်ငွေတို့နဲ့ တိုက်ရိုက်ပေးချေနိုင်အောင် မကြာခင် နှစ်နိုင်ငံသဘောတူလက်မှတ် ထိုးသွားမယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။

ရုရှားနိုင်ငံ ဗလာဒီဘော့စတော့ခ်မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ရုရှားအခြေစိုက်မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက ရုရှားနိုင်ငံကနေ ရေနံတွေဝယ်ယူရာမှာ တရုတ်နိုင်ငံရဲ့ ငွေကြေးယွမ်ကို သုံးပြီးပေးချေနေတာလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ က ကျင်းပခဲ့တဲ့ အရှေ့စီးပွားရေးဖိုရမ်မှာ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ရုရှားနိုင်ငံကနေ ရေနံတွေ ဝယ်ယူနေတဲ့အကြောင်း Sputnik သတင်းဌာနကို ပြောဆိုထားပါတယ်။

အခုကျင်းပတဲ့ အရှေ့စီးပွားရေးဖိုရမ်ကို ရုရှားနိုင်ငံဗလာဒီဘော့စတော့ခ်မြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ လေးရက်ကြာကျင်းပနေတာပါ။

အဲဒီဖိုရမ်ကိုတက်နေတဲ့ စစ်ကောင်စီ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကလည်း ဖိုရမ်းကျင်းပချိန်အတွင်း နှစ်နိုင်ငံသဘောတူညီချက်တွေ လက်မှတ်ထိုးသွားဖို့ရှိကြောင်း ပြောထားပါတယ်။

ဒါကြောင့် မြန်မာကျပ်ငွေ၊ ရုရှားရူဘယ်ငွေတို့နဲ့ တိုက်ရိုက်ပေးချေတာကို ဒီရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံသဘောတူသွားနိုင်တဲ့ အလားအလာလည်းရှိနေပါတယ်။

ရုရှားနိုင်ငံမှ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဈေးကွက်အတွင်းသို့ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့  သတ္တုပစ္စည်းများ တင်ပို့ပေးနေခြင်းကြောင့် အာဆီယံဒေသအတွင်း စီးပွားရေးတည်ငြိမ်တိုးတက်မှုများ ဖြစ်လာဖွယ်ရှိနေကြောင်း၊ ဒေါက်တာကံဇော်က ပြောကြားခဲ့ပါသေးတယ်။

ရုရှားနိုင်ငံဟာ စွမ်းအင်လိုအပ်ချက်တွေကို ပြည့်မီအောင် သိသိသာသာကူညီပေးနေပြီး အာဆီယံဒေသအတွင်းရှိ ဈေးကွက်များကို ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ သတ္တုပစ္စည်းများ တင်ပို့ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ဒါဟာ အာဆီယံဒေသအတွင်း စီးပွားရေးကို တည်ငြိမ်တိုးတက်မှုတွေ ဖြစ်စေပြီး အပြန်အလှန်အားဖြင့် အာဆီယံနိုင်ငံတွေဟာလည်း ရုရှားနိုင်ငံကို နည်းပညာလုပ်ငန်း၊ ထုတ်ကုန်လုပ်ငန်း၊ အခြေခံအဆောက်အဦးဆိုင်ရာလုပ်ငန်းတွေမှာ ရုရှားရင်းနှီးမြှုပ်နှံနိုင်အောင် အခွင့်အရေး ကမ်းလှမ်းပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗက ဇူလိုင်လက ကျင်းပခဲ့တဲ့ အာဆီယံ နဲ့ ရုရှား အစည်းအဝေး အတွင်း ရုရှားနဲ့ အာဆီယံအဖွဲ့ကြား အစားစာနဲ့ စွမ်းအင်လုံခြုံရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရန်အတွက် အလားအလာကောင်းများရှိနေကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly