စစ်ရာဇဝတ်မှုများပိုမိုကျူးလွန်လာနေတဲ့မြန်မာစစ်တပ်ကို ပူးပေါင်းဖော်ထုတ်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်း

By Spring
12 September 2023
စစ်ရာဇဝတ်မှုများပိုမိုကျူးလွန်လာနေတဲ့မြန်မာစစ်တပ်ကို ပူးပေါင်းဖော်ထုတ်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်း

မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို အောင်အောင်မြင်မြင်စုဆောင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ရီတာ ဖရန့်ချ် (Rita French ) က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု အကြိမ်ရေနဲ့ပြင်းထန်မှုတွေ ပိုမြင့်တက်လာနေတာကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM ရဲ့ ငါးကြိမ်မြောက်နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးအတွင်း IIMMရဲ့ အစီရင်ခံစာကို အကြီးအကဲ Nicholas Koumjian ကိုယ်တိုင် စက်တင်ဘာ ၁၁ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်တာ၊ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတဲ့ မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေကို IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ထင်ထင်ရှားရှားမြင်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်းထန်တဲ့လေကြောင်းဗုံးကြဲမှုတွေနဲ့ အရပ်သားတွေပါမရှောင် ပစ်ခတ်မှုတွေ ပိုတွေ့လာရပြီး ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ 

ဖမ်းဆီးမိတဲ့တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကို ကွပ်မျက်သတ်ဖြတ်တာ၊ နေအိမ်နဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှိုာတာတွေ ပိုတိုးလာပါတယ်။ 

တရားဥပဒေမဲ့ဖမ်းဆီးမှုတွေလည်း တိုးလာပြီး အကျဉ်းသားတွေကို ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာနဲ့ အခြားဆိုးဆိုးဝါးဝါးကျူးလွန်မှုတွေလုပ်တဲ့ ခိုင်မာတဲ့အထောက်အထားတွေ စုဆောင်းရရှိထားပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျူးလွန်သူတွေ ပြစ်ဒဏ်က ကင်းလွတ်နေမှုကို အဆုံးသတ်ဖို့အတွက် တာဝန်ခံမှုသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့လည်း ဗြိတိန်လူ့အခွင့်အရေးသံတမန် မစ္စ ရီတာ ဖရန့်ချ်က ပြောသွားပါတယ်။

IIMM ကို မူလအားဖြင့် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ပတ်သက်လို့ အချက်အလက်စုဆောင်းဖို့ ဖွဲ့စည်းခဲ့တာပါ။

 ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုပါ အချက်အလက်စုဆောင်းခဲ့ပါတယ်။ 

မြန်မာစစ်ကောင်စီကတော့ IIMM ဖွဲ့စည်းမှုကို လက်မခံသလို IIMM အနေနဲ့ မြန်မာနိုင်ငံတွင်းဝင်ရောက်ခွင့်ပေးဖို့နဲ့ အချက်အလက်တွေမျှဝေဖို့ တောင်းဆိုမှုတွေကိုလည်း လစ်လျူပြုခဲ့တယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။ 

အခု ရရှိတဲ့အထောက်အထားတွေဟာ သိမ်းဆည်းထားဖို့သက်သက်မဟုတ်ဘဲ တရားရုံး၊ ခုံရုံးတွေမှာပါ အသုံးပြုဖို့ ရည်ရွယ်ထားတာလို့လည်း ပြောပါတယ်။

လက်ရှိအားဖြင့် ရိုဟင်ဂျာအမှုတွေကို စစ်နေတဲ့ ICJ နိုင်ငံတကာတရားရုံး၊ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ အာဂျင်တီးနားတရားရုံးတွေကို အချက်အလက်တွေ မျှဝေထားတယ်လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့တော့ IIMM ကို ပေါင်စတာလင် ငါးသိန်း ပံ့ပိုးထားပြီးဖြစ်ကြောင်းနဲ့ Myanmar Witness Programme ကို တည်ထောင်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM ရဲ့ လုပ်ငန်းတွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီဖို့လည်း ဗြိတိန်နိုင်ငံက တိုက်တွန်းထားပါတယ်။

#politicalnews
#mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly