လူတွေပြောင်း၊ မူတွေပြောင်းပြီး စစ်ကောင်စီ ဘယ်ကိုခြေလှမ်းနေသလဲ 

By ဓားရိုင်း
12 September 2023
လူတွေပြောင်း၊ မူတွေပြောင်းပြီး စစ်ကောင်စီ ဘယ်ကိုခြေလှမ်းနေသလဲ 

ကာ/လုံမှာ အာဏာသိမ်းသက်တမ်း လေးကြိမ်မြောက်ထပ်တိုးပြီးနောက် စစ်ခေါင်းဆောင်ဟာ သူယုံကြည်ရမယ်လို့ ထင်တဲ့သူတွေနဲ့ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သလို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အတော်များများကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာတွေ့ရပါတယ်။ နောက်ပြီး စစ်ကောင်စီဟာ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည် ချက် ၁၂ ရပ်ထဲက မူဝါဒတချို့ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အရင်က ရှေ့လုပ် ငန်းစဉ်ငါးရပ်ထဲက နံပါတ် ငါး နေရာရှိနေတဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုတာကို  ဦးစားပေးနံပါတ်(၁)အဖြစ်ပြောင်း လဲခဲ့သလို ဦးတည်ချက် ၁၂ ရပ်ကလည်း ကိုးရပ်ပဲရှိတော့တာ တွေ့ရပါတယ်။ ဦးတည်ချက် ၁၂ ရပ်ထဲက နိုင်ငံခြား ရေးမူဝါဒနဲ့ ဈေးကွက်စီးပွားရေးအကြောင်းကိုဖြုတ်ချထားသလို “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုက ရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကို တည်ဆောက်နိုင်ရေး” ဆိုတဲ့နေရာမှာလည်း “တရားမျှတမှု အပြည့်ကျင့်သုံးပြီး” ဆိုတာကို ဖြုတ်ချထားခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးခါစကတည်းကကျင့်သုံးလာတဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ ကြားနေရေးမူဝါဒကို စစ်ကောင်စီက ပြန်လည်ဖြုတ်ချခဲ့တာဖြစ်ပြီး စီးပွားရေးဦးတည်ချက်ထဲက ဈေးကွက်စီးပွားရေးစနစ်ကို တည်ငြိမ် အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ကာ တိုင်းရင်းသားပြည်သူတရပ်လုံး စီးပွားဖွံ့ ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးဆိုတာကိုပါ ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ထားရပြီး အခြေအနေမဟန်ဖြစ်လာတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့နောက်ဆုံးထွက် ပေါက်အဖြစ်မျှော်လင့်ထားတဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ရောက်အောင်သွားမယ့် အစီအစဉ်ရှိနေတယ်လို့ ထင်ပါတယ်။ 

လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက်စစ်မျက်နှာဖွင့်ထားပေမယ့် ကျန်တဘက်မှာ အတု အယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်စရာရှိတာတွေလုပ်နေတာကိုကြည့်ရင် အဖြေကရှင်းရှင်းလေးပါပဲ။ လာမယ့် ၂၀၂၄ မှာ သန်းခေါင်စာရင်းအစမ်းကောက်ပြီး ၂၀၂၆ မှာအပြီးသတ်စာရင်းပြုစုကာ ရွေးကောက်ပွဲကျင်းပ ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားခဲ့တာပါ။ ဒီကြေညာချက်ဟာ စစ်ကောင်စီအနေနဲ့ အချိန်ဆွဲတာလို့ ထင်ချင်စရာရှိပေမယ့် တမျိုးလှည့်စဉ်းစားရင် ဒါဟာ စစ်ကောင်စီ တကွက်ချန်ထားတဲ့ လှည့်ကွက်လည်း ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘယ်သူမှမထင်မှတ်ထားတဲ့အချိန်မှာ အတုအယောင်ရွေးကောက်ပွဲကို သူတို့လုပ်ပိုင်ခွင့်ရှိနေတာကြောင့်ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့မူဝါဒအပြောင်းအလဲတွေဟာ တခုနဲ့တခုဆက်စပ် နေတာလည်းဖြစ်ပါတယ်။ အခုပြောင်းလဲခဲ့တဲ့မူဝါဒတွေထဲမှာ နိုင်ငံခြားရေးမူဝါကိုပြောင်းလဲခဲ့တာကတော့ အရေး ကြီးဆုံးအချက်ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး အနှစ် ၇၀ ကျော် မြန်မာအစိုးရအဆက်ဆက်ကိုင်စွဲခဲ့တဲ့ ဘက်မ လိုက်မူဝါဒတွေ စတင်ချမှတ်စဉ်၊ ဘန်ဒေါင်းညီလာခံကျင်းပစဉ်ကာလက မြန်မာ ဖဆပလ အစိုးရဟာ တက်ကြွစွာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံငယ်တွေအနေနဲ့ အရှေ့၊ အနောက်နိုင်ငံကြီးတွေရဲ့ အုပ်စုဖွဲ့မှုမှာ မပါဝင်ဘဲ ကြားနေ ရေးဝါဒ ကျင့်သုံးတာဟာ တိုင်းပြည်ငယ်တွေအတွက် သင့်လျော်တဲ့ မူဝါဒဖြစ်တဲ့အပြင် အရှေ့၊ အနောက် အင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုကို ထိန်းကျောင်းပေးဖို့ ရည်ရွယ်တဲ့ မူဝါဒဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ငယ်တွေ အတွက် ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး အမှီခိုကင်းတဲ့မူဝါဒလည်းဖြစ်ပါတယ်။ အထူးသဖြင့် အင်အားကြီး နိုင်ငံတွေရဲ့ ဩဇာခံ၊ လက်ဝေခံအဖြစ်ကို ရှောင်ရှားနိုင်တဲ့ မူဝါဒဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ နိုင်ငံခြားရေး မူဝါဒကို စစ်ကောင်စီ စွန့်ပစ်ခဲ့တာအကြောင်းမဲ့တော့မဟုတ်ပါဘူး။

စစ်အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံတွေရဲ့ ဆန့်ကျင်ပိတ်ဆို့မှုတွေကိုခံနေရတဲ့အပြင် ဆက်ဆံရေးပြန်လည် ကောင်းမွန်ဖို့မလွယ်ကူတဲ့ အခြေအနေအောက်မှာ တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့၊ တရုတ်၊ ရုရှားတို့ ရဲ့အရိပ်ကိုခိုဖို့ ဦးတည်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ကနဦးမှာ စစ်ခေါင်းဆောင်ဟာ ရုရှားအရိပ်ကိုခိုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှ တရုတ်ဘက်ကိုပြန်လှည့်သွားခဲ့တာပါ။ ဒါကလည်း ရုရှားအနေနဲ့ သူတို့ထက်သလောက် အားကိုးလို့မရမှန်းသိသွားတာကြောင့်ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာဇာတ်ခုံမှာသာမက ကုလသမဂ္ဂရဲ့ ဗီတိုအာဏာသုံးရာမှာလည်း ရုရှားအနေနဲ့ တရုတ်ကိုမကျော်နိုင်ဘဲ ဦးစားပေးရတဲ့ အခြေအနေမှန် ကို စစ်ကောင်စီ သိသွားခဲ့တာကြောင့်ဖြစ်ပါတယ်။ တရုတ်ကလည်း မြန်မာနိုင်ငံကို သူ့ရဲ့စီးပွားရေး သေနင်္ဂဗျူဟာ အမြင်နဲ့ ကြည့်ပြီး သမ္မတ ရှီကျင့်ဖျင် တတိယအကြိမ် သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် မြန်မာ့အရေးကို အလေးထားကိုင်တွယ်လာတွေ့ရပါတယ်။ တရုတ်အစိုးရရဲ့ အထူးသံတမန်၊ ယူနန်ပါတီအတွင်းရေးမှူး၊ တရုတ် ပါတီ နိုင်ငံခြားဆက်ဆံရေးဌာန၊ တရုတ်စစ်တပ် အစရှိတဲ့ဌာနပေါင်းစုံက ထိပ်တန်းအရာရှိတွေ မြန်မာပြည်ကို ရောက်လာခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။ ၂၀၂၃ ခုနှစ် မေလဆန်းပိုင်းမှာ မြန်မာနိုင်ငံကိုရောက်လာတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းရဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ နိုင်ငံရေးအသွင်ကူးပြောင်းရေး” ဆိုတဲ့စကားလုံးဟာ သိသာထင်ရှားတဲ့ စစ်ကောင်စီအပေါ်ထောက်ခံမှုဖြစ်ပါတယ်။ တရုတ်ဘက်က တိုက်တွန်း နေတဲ့ အခြေခံဥပဒေဘောင်အတွင်းက အသွင်ကူးပြောင်းရေးဆိုတာဟာ ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲ နိုင်တဲ့ပါတီကို အာဏာလွှဲပေးရေးဖြစ်ပါတယ်။ တနည်းပြောရရင်တော့ စစ်တပ်လက်ဝေခံ ကြံ့ဖွံ့ပါတီကို အယောင်ပြ အာဏာလွှဲပေးရေးဖြစ်ပါတယ်။ အဲဒီအတွက် တရုတ်သံအမတ်ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ အမြဲလိုလိုတွေ့ဆုံနေတဲ့အပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုလည်း တရုတ်ပြည်ကို ဖိတ်ခေါ်နေတာ တွေ့ရပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ တရုတ်သဘောထားကိုလွန်ဆန်နိုင်မယ့် အခြေအနေမျိုးမရှိသလို ရွေးကောက်ပွဲ လမ်းကြောင်းဟာ သူတို့မျှော်လင့်ထားတဲ့လမ်းကြောင်းလည်းဖြစ်နေတာကြောင့် စစ်ခေါင်းဆောင်အနေနဲ့ တရုတ် ဖွင့်ပေးတဲ့လမ်းအတိုင်းလျှောက်မှာသေချာပါတယ်။ ဒါကြောင့်လည်း လက်ရှိတိုင်းပြည်အနှံ့ကြုံနေရတဲ့ ခုခံတော် လှန်စစ်ကိုတောင့်ခံနိုင်ဖို့အတွက် သူ့အစီအစဉ်ကိုတသွေမတိမ်းလိုက်နာမယ့်၊ သူယုံကြည်ရမယ်ထင်တဲ့ စစ်ဗိုလ် ချုပ်တွေကို အပြောင်းအလဲပြုလုပ်ထားခဲ့တာလို့ ထင်ပါတယ်။ တိုင်းမှူးတွေကအစ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးအဆုံး အပြောင်းအလဲလုပ်ထားတာကိုကြည့်ရင် စစ်ခေါင်းဆောင်အနေနဲ့ သူ့ရဲ့ထွက်ပေါက် ကိုအပိတ်မခံနိုင်ဘူးဆိုတာ ရှင်းနေပါတယ်။ အထူးသဖြင့် ဦးသန်းရွှေရဲ့လူရင်းဖြစ်သလို မင်းအောင်လှိုင်ပြီးရင် ကာချုပ်နေရာအတွက်လျာထားခံရတဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးအဖြစ်ရာထူးလျော့ချခဲ့တာ၊ ဦးသန်းရွှေလက်ထက်ကခန့်အပ်ခဲ့တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေး မဏ္ဍိုင်ကြီးသုံးခုမှာ နောက်ဆုံးကျန်နေတဲ့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကိုအနားပေးခဲ့တာ၊ စစ်အာဏာ သိမ်းပြီးနောက် မင်းအောင်လှိုင်ရဲ့ကိုယ်ပွားအဖြစ်လူသိများခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီး အဖြစ်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီးအဖြစ် ရာထူးလျော့ချခဲ့တာတွေဟာ အကြောင်းမဲ့  တော့မဖြစ်နိုင်ပါဘူး။ ဒီလိုအဓိကကျတဲ့နေရာတွေမှာ သူအယုံကြည်ရဆုံးလို့ထင်သူတွေနဲ့ ပြန်ပြီးအစားထိုးခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးအဖြစ် ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ တရားသူကြီး ချုပ်သစ်အဖြစ် ဦးသာဌေးနဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ကိုခန့်အပ်ခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းဟာ သူ့ရဲ့လူရင်းဖြစ်သလို ဦးသာဌေးမှာလည်း  ဒုတိယဗိုလ်ချုပ်ကြီး သာအေးရဲ့ ညီအရင်းဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ စစ်ခေါင်းဆောင်စီစဉ်တဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ထားတဲ့ ဆွေးနွေးပွဲတွေဖြစ်မြောက်လာအောင် အဓိကအားထုတ်ပေးနေသူဖြစ်ပါတယ်။ ဒါ့အပြင် လူကယ်ပြန်ဝန်ကြီးသစ် ဖြစ်လာသူ ဒေါက်တာ စိုးမင်း ဆိုတာကလည်း စစ်ခေါင်းဆောင်ရဲ့ဆေးမှူးတာဝန်ယူထားသူဖြစ်ပါတယ်။ စစ်တပ်မှာ ဗိုလ်ချုပ်ရာထူးနဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာသေးခင်ကမှ စစ်ဖက်ရာထူးကနေအနားပေးပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးခံခဲ့ရတာဖြစ်ပါတယ်။ အခုနောက်ဆုံး စစ်ဆင်ရေးတွေ မအောင်မြင်တာကိုအကြောင်းပြပြီး ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ မန္တလေးတိုင်း နယ်လုံဝန်ကြီးတွေကို အပြောင်း အလဲလုပ်ထားခဲ့တာတွေ့ရပါတယ်။ ဒီလိုအစီအစဉ်တကျ အကွက်ရွှေ့နေတာဟာ တော်လှန်ရေးအင်အားစုတွေကို ခြေမှုန်းရေးတစ်ခုတည်းအတွက်တော့ မဖြစ်နိုင်ပါဘူး။ အခြားတစ်ဖက်မှာ သူလျှောက်မယ့် နောက်ဆုံးပြေးလမ်း အတွက်ပြင်ဆင်နေတာလို့ ထင်မြင်မိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly