ကုလသမဂ္ဂ တရားရုံးရှိ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု အမှု၌ ပြင်သစ်က ကြားဝင်ဆောင်ရွက်မည် 

ကုလသမဂ္ဂ တရားရုံးရှိ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု အမှု၌ ပြင်သစ်က ကြားဝင်ဆောင်ရွက်မည် 

နိုင်ငံတကာ တရားရုံးတွင် တင်ထားသော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အမှု၌ ပြင်သစ်က ကြားဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း အလည်အပတ်ရောက်ရှိသော သမ္မတ အမ်မန်နျူရယ် မက်ခရွန်က ဒါကာတွင် တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာနှင့် တွေ့ဆုံအပြီး ပူးတွဲထုတ်ပြန်ချက်၌ ကြေညာသည်။ 

“တရားမျှတရေးနဲ့ တာဝန်ခံမှု ရှိရေး နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ အထောက်အပံ့ပြုပြီး နိုင်ငံတကာတရားရုံ( ICJ )က ဂမ်ဘီးယားနဲ့ မြန်မာအမှုမှာ အခြား မိတ်ဖက်တွေနဲ့အတူ ကြားဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ကြောင်းကို ပြင်သစ်နိုင်ငံက ကြေညာတယ်”ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

အာဏာပိုင်များက ရိုဟင်ဂျာများကို ဖြစ်နိုင်သော လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာတရားရုံးသည် မြန်မာအား စစ်ဆေးကြားနာလျက် ရှိသည်။ 

မြန်မာနိုင်ငံမှ အတင်းအကျပ် ရွှေ့ပြောင်းခဲ့ရသူ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇားခရိုင်က လူပြည့်သိပ်သော စခန်းများနှင့် ဘင်္ဂလားပင်လယ်အော်က ဘာဆန်ချားကျွန်းတို့တွင် နေထိုင်နေကြရသည်။ 

အဆိုပါ ဒုက္ခသည်များတွင် အများစုမှာ ဗုဒ္ဓဘာသာ လူများစု မြန်မာနိုင်ငံ၏ အနောက်ပိုင်း ကမ်းရိုးတန်း ရခိုင်ပြည်နယ်၌ စစ်တပ်၏ လူမဆန်သော ဖြိုခွင်းမှုများမှ ၂၀၁၇ ဩဂုတ်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူများ ဖြစ်သည်။ 

မြန်မာတွင် ရိုဟင်ဂျာများအား ဖြိုခွင်းမှုနောက် ၂၀၁၇ အစောပိုင်းတွင် မက်ခရွန်က မြန်မာတွင် ရိုဟင်ဂျာများအား သတ်ဖြတ်ခြင်းများသည် “လူမျိုးတုံး သတ်ဖြတ်မှု” အဖြစ် တံဆိပ်ကပ်ခဲ့သည်။ 

“ဖြစ်ပွားဆဲ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တိုင်းရင်းသား ရှင်းလင်းမှုတွေကို ကုလသမဂ္ဂက ရှုတ်ချဖို့ လုံခြုံရေးကောင်စီမှာ အခြား မိတ်ဖက်တွေနဲ့အတူ ပြင်သစ်နိုင်ငံက ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောထားဖူးသည်။ 

မြန်မာနိုင်ငံမှ အတင်းအကျပ် ရွှေ့ပြောင်းခဲ့ရသူများကို နှစ်အတော်ကြာ ခိုလှုံရာနှင့် လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့များ ပေးသည့် ဘင်္ဂလားဒေ့ရှ်၏ စေတနာကောင်းခြင်းကိုလည်း ပြင်သစ်က ချီးကျူးသည်။ 

“နှစ်နိုင်ငံစလုံးအနေနဲ့ နိုင်ငံတကာ လုပ်ငန်းစဉ်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ နေရပ်ပြန်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်၊ ရိုဟင်ဂျာတွေ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာနဲ့ တည်မြဲတဲ့ နေရပ်ရင်း ပြန်နိုင်ရေး မြန်မာနိုင်ငံမှာ အခြေအနေ ဖန်တီးနိုင်ဖို့ လိုအပ်ချက်တွေကိုလည်း တွန်းအားပေးဖော်ဆောင်သွားမှာ ဖြစ်တယ်”ဟု ယခု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာစခန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေသော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သို့လည်း ထပ်ဆောင်း ယူရိုငွေ တသန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇ သန်း) ထောက်ပံ့ရန် ပြင်သစ်က ကြေညာသည်။ 

မက်ခရွန်သည် ဘင်္ဂလားဒေ့ရှ်သို့ နှစ်ရက်တာ အလည်အပတ်‌ ရောက်ပြီးနောက် တနင်္လာနေ့တွင် ပြန်လည်ထွက်ခွာခဲ့ရာ ယင်းသည် ကုန်သွယ်ရေးနှင့် သံတမန်ရေး ဆက်ဆံမှုများကို တိုး၍ မြှင့်တင်မည့် နှစ်ပေါင်း ၃၃ နှစ်အတွင်း ပြင်သစ်သမ္မတ ဘင်္ဂလားဒေ့ရှ်သို့ ပထမဆုံး လာရောက်မှုပဲ ဖြစ်သည်။ 

ယခင်က ပြင်သစ်သမ္မတဟောင်း ဖရန့်ဆွာ မတ်တာရန့်သည် ၁၉၉၀ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly