ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ သင်္ကြန်ကာလ အိမ်ပြန်နိုင်ကြောင်း အထူးအမိန့်ထုတ်

ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ သင်္ကြန်ကာလ အိမ်ပြန်နိုင်ကြောင်း အထူးအမိန့်ထုတ်

ချင်းမိုင်၊ ဧပြီ ၁၂ ။  ။ အတာသြင်္ကန် ကာလအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများ မိမိနေရပ်သို့ လွတ်လပ်စွာ အိမ်ပြန်နိုင်ကြောင်း ဧပြီလ ၁၁ ရက် ထိုင်းနိုင်ငံဝန်ကြီးချုပ် အထူးအမိန့်ဖြင့် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် အပန်းရောင်ကဒ် ကိုင်ဆောင်ထားသော မြန်မာ၊ လာအို၊ ကမ္ဘာဒီးယားနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများအား သြင်္ကန်ကာလ ဖြစ်သော ဧပြီလ ၁၁ ရက်မှ ၂၀ ရက်အတွင်း လွတ်လပ်စွာ နေရပ်ပြန်နိုင်ပြီး ၂၀ ရက်နောက်မကျဘဲ မိမိတို့ အလုပ်ခွင်တို့ ပြန်ဝင်ရန် ထိုင်းဝန်ကြီးချုပ်က အထူးအမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အဓိက ကျနော်တို့ အလုပ်သမားတွေရဲ့ မြန်မာနဲ့ ထိုင်းရဲ့ ရိုးရာယဉ်ကျေးမှု ပွဲတော်တွေကြောင့် ရွှေ့ပြောင်း အလုပ် သမားတွေ ကိုလည်း ပျော်ရွှင်စေချင်လို့ ၂၀ ရက်နေ့ နောက်ဆုံးထား ပြည်တွင်းကို ပြန်ဝင်ရမယ်။ အဲဒီနောက်ပိုင်း ဝင်လာရင် လုံးဝ ဝင်ခွင့် မပြုပါလို့ ပါပါတယ်။ မြန်မာနိုင်ငံသား ပန်းရောင်ကဒ်ကိုင်ထားတဲ့လူတွေ ပြန်လို့ရတယ်လို့ အမိန့် ထုတ်ထားတာ ဖြစ်ပါတယ်”ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်(MWRN) အတွင်းရေးမှူး ဦးအောင်ကျော်က မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁ ၇က်က One Stop Service Centerများ ဖွင့်လှစ်ကာ ပန်းရောင်ကဒ်များ လာရောက် ထုတ်ယူနိုင်ကြောင်း၊ အဆိုပါ ပန်းရောင် ကဒ်ကိုင်ဆောင်ထားသူများသည် ပြည်နယ်တစ်ခုနှစ်တစ်ခု ကူးသန်းဖြတ်သန်းခွင့်ရပြုသလို၊ အလုပ်ရှင်လည်း ပြောင်းလဲခွင့် မရှိဘဲ မြန်မာနိုင်ငံသို့ ပြန်ရောက်ခွင့်ကိုလည်း ခွင့်ပြုမည် မဟုတ်ကြောင်း မူလအမိန့်တွင် ကြေငြာထားခြင်း ဖြစ်သည်။

ထို့ပြင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများလည်း မတ်၊ ဧပြီ၊ မေလ သုံးလအတွင်း သက်တမ်းကုန်ဆုံးမည့် သူများကိုလည်း မတ်လ ၈ ရက်နေ့ နောက်ဆုံးထား မှတ်ပုံတင်သူများကိုသာ သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း၊ ယင်းသက် တမ်းအတွင်း မှတ်ပုံတင်တင်သူများကို သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

မတ်လ ၃၁ ရက်က ရွှေ့ပြောင်းအလုပ်သမား အခွ့်အရေးကွန်ယက်(MWRN)မှ ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခြ့ပီး ၃ နာရီခန့်ကြား အပြန်အလန် ဆွေးနွေးသုံးသပ်၍ ယခုကဲ့သို့ ပထမအဆင့်အနေဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို လွတ်လပ်စွာ အိမ်ပြန်ခွင့်ပြုခြင်းလိုက်ခြင်း ဖြစ်သည်ဟု ဦးအောင်ကျော်က ပြောသည်။

ထိုင်းအစိုးရ သက်ဆိုင်ရာ စစ်ဆေးဂိတ်များတွင် လဝက၊ ယဉ်ထိန်းရဲ၊ မူခင်းရဲ၊ နယ်ခြားစောင့်တပ် စသည့် ဂိတ်များတွင် စစ်ဆေးပါက ငွေကြေးပေးစရာမလိုဘဲ ပြန်တမ်းသွားလာနိုင်မည်ဖြစ်သော်လည်း အလုပ်သမားများအနေဖြင့် ထိုင်းဝန်ကြီးချုပ်၏ အမိန့်စာကို မိတ္တူကူး၍ ကိုင်ဆောင်သွားစေလိုကြောင်း ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ကိုမိုးကြိုးက ပြောသည်။

“ထိုင်းအစိုးရကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်ပေါ်ပေါက်လာတဲ့အချိန် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ကောင်းကောင်းကြီး သဘောပေါက်ပြီးတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာရွေ့ပြောင်းမလုပ်သမားတွေ ကျွမ်းကျင်တဲ့ လုပ်အားတွေကို ရယူဖို့အတွက် အခွင့်အရေးပေးလိုက်တယ်လို့ မြင်တယ်လေ”ဟု သူက မဇ္ဈိမကို ပြောသည်။

ယခု အမိန့်ထုတ်ပြန်ချက်သည် နောက်ကျနေပြီ ဖြစ်ပြီး ယခုအချိန်တွင် မြန်မာအလုပ်သမားများအနေဖြင့် နေရပ်တောင် ရောက်ရှိနေပြီဖြစ်ကြောင်း သတ်မှတ်ထားသည့် ဧပြီလ ၂၀ ရက် ကျော်လွန်ပါက မည်သို့အရေးယူမည်ကို အမိန့်စာတွင် မပါရှိသဖြင့် အလုပ်သမားများအား ဖမ်ဆီးအရေးယူခြင်းများရှိလာနိုင်သဖြင့် စိုးရိမ်ကြောင်း သူက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် အတာသြင်္ကန်ကာလအတွင်း နေရပ်ပြန်ကာ တစ်နှစ်လုံး အလုပ်လုပ်ကိုင်ခဲ့ပြီး မိသားစုနှင့် ပျော်ရွှင်စွာ အနားယူခြင်း၊ အလှူလုပ်ခြင်း ပြုလုပ်လေ့ရှိသည်။ ထိုင်းအစိုးရအနေဖြင့် ယခုကဲ့သို့ ထုတ်ပြန်လိုက်သဖြင့် အလုပ်သမား အများအပြား နေရပ် ပြန်နေပြီ ဖြစ်သော်လည်း ထိုင်းနယ်စပ်အတွင်း နေရပ်ပြန်သူများအတွက်မူ အချိန်လုံလောက်သော်လည်း နယ်ဝေးသူများအတွက်မူ အချိန် လုံလောက်မှု မရှိကြောင်း သူက ပြောသည်။

ပုံမှန်အားဖြင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသော အလုပ်သမားများ နေရပ်ပြန်ပါက အလုပ်ရှင်၏ ထောက်ခံစာ၊ မြန်မာသံရုံး၏ ထောက်ခံစာနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထောက်ခံစာများအား ရယူသွားမှသာလျှင် ဖမ်းဆီး အရေးယူခြင်း မရှိခြင်း ဖြစ်သည်။ ၎င်းတို့ မယူသွားပါက ပန်းရောင်ကဒ် ကိုင်ဆောင်ထားသော အလုပ်သမားများ နေရပ်ပြန်ပါက ထိုင်းအစိုးရ ဂိတ်များတွင် ယခုအချိန်တွင် အနည်းဆုံး ၂၀၀၀ မှ ၂၅၀၀ ဘတ်ထိ ပေးရပြီး ယာယီနိုင်ငံကူး ကိုင်ဆောင်ထားသူများကိုလည်း ဂိတ်တစ်ဂိတ်လျှင် ဘတ် ၁၀၀ တောင်းလေ့ရှိသည်ဟု သိရသည်။

မတ်လ ၃၁ ရက်တွင် ပန်းရောင်ကဒ်များ သက်တမ်းကုန်ပြီ ဖြစ်ပြီး ဧပြီလ ၁ ရက်မှစတင်၍ နှစ်နှစ်စာ သက်တမ်း တိုးပေးနေချိန်လည်း ဖြစ်သည်။

ယခုကဲ့သို့ ရှေ့ပြေးအနေဖြင့် နှစ်နိုင်ငံ ယဉ်ကျေးမှုပွဲတော်တွင် ပန်းရောင်ကဒ်ကိုင်ဆောင်ထားသော အလုပ်သမားများအား ခရီးသွားလာခွင့်ပြုလိုက်သလို၊ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုချက်များကိုလည်း ထိုင်းအစိုးရအနေဖြင့် ဆက်လက် လိုက်လျောပြီး အလုပ်သမားအခွင့်အရေးများကို ပိုမိုစောင့်ရှောက်စေလိုကြောင်း ဦးအောင်ကျော်က သြင်္ကန်ဆုတောင်းလိုက်သည်။

ကိုမိုးကြိုးကလည်း “ပြည်တွင်းမှာရှိတဲ့အလုပ်သမားတို့၊ ရွှေ့ပြောင်းအလုပ်သမားတို့ဆိုတာ အလုပ်သမားက အလုပ်သမားပါဘဲ။ အလုပ်သမားရဲ့ သဘောဝအရတော့ အခြေခံလူတန်းစာတွေရဲ့ ဘဝအခြေအနေတွေဟာ အခုရှိနေတဲ့ အခြေအနေတွေထက် စားမှု၊ ကောင်းမှု၊ နေမှုထိုင်မှုတွေ တိုးတက်သာယာပါစေ၊ အဲဒီလို သာယာအောင်လည်း မြန်မာနိုင်ငံ အစိုးရသစ်က ဖော်ဆောင်နိုင်ပါစေ။ ပြီးတော့ အလုပ်သမားတွေရဲ့ လုပ်အားတန်ဖိုးကို ချစ်မြတ်နိုးပြီးတော့ အဲဒီချစ်မြတ်နိုးသာနဲ့အညီ ကောင်းမွန်သော အစိုးရဆိုတာ အပြောမဟုတ်ဘဲ၊ လက်တွေ့လုပ်နိုင်ပါစေလို့ နှစ်သစ်ကူးဆုမွန်လေး ပေးလိုက်ပါတယ်”ဟု ပြောသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly