မုံရွာထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်/ကျဉ်းများနှင့် အတူရပ်တည်ကြောင်း ဓာတ်ပုံကမ်ပိန်းပြုလုပ်

By 001 (မဇ္စျိမ)
11 September 2023
မုံရွာထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်/ကျဉ်းများနှင့် အတူရပ်တည်ကြောင်း ဓာတ်ပုံကမ်ပိန်းပြုလုပ်
သံဖြတ်လွှဓါတ်ပုံကမ်ပိန်း (Photo - နိုင်ငံရေးအကျဥ်းသားများကွန်ရက်)

မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် “သံဖြတ်လွှ” အမည်ဖြင့် ဓာတ်ပုံကမ်ပိန်းကို နိုင်ငံရေးအကျဉ်းသား​ဟောင်းများ၊ သပိတ်အင်အားစုနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ပြည်သူများ စုပေါင်းပြီး ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများနှင့် အတူရပ်တည်ကြောင်းနှင့် အကျဉ်းထောင်တွင်း ဉပဒေမဲ့ ဖိနှိပ်သတ်ဖြတ်မှုများအမြန်ဆုံး ရပ်တန့်ရန် ရည်ရွယ်ပြီး အဆိုပါကမ်ပိန်းအားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။

“သံဖြတ်လွှ”ဓာတ်ပုံကမ်ပိန်းတွင် ပြည်သူအချို့လည်းပူးပေါင်းပါဝင်ခဲ့ပြီး " အကျဉ်းထောင်သည် စစ်မြေပြင်မဟုတ်" " အကျဥ်းသားဖိနှိပ်မှုချက်ချင်းရပ်"စသည့် စာတန်းများအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သော စာရေးထားသည့်  ဓာတ်ပုံများကိုင်ဆောင်ကာ လူမှုကွန်ရက်တွင် ဖြန့်ဝေထားကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က စစ်​ကောင်စီ၏ ဌာန​ဆိုင်ရာများက  မုံရွာထောင်တွင်း ရှာဖွေရေးဝင်​ရောက်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အစားအစာနှင့်ပစ္စည်းများကို သိမ်းဆည်းသွားခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်တွင်းရှိ ကျန်နိုင်ငံရေးအကျဉ်းသားများကလည်း ထောင်မှပေးသော အစားအသောက်များကို လက်ခံရယူခြင်းမရှိဘဲ ဆန္ဒပြအကျဉ်းသားများနှင့် အတူရပ်တည်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီလက်‌အောက်ခံများသိမ်းဆည်းသွားသော အကျဉ်းသားပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ ပြင်ပမှပေးပို့သောထောင်ဝင်စာပါဆယ်များအား ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုရန်၊ အစာငတ်ခံဆန္ဒပြလျက်ရှိသော ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား အပြည့်အဝ တာဝန်ယူဖြေရှင်းပေးရန် စသည့် အချက် သုံးချက်ကို ထောင်တွင်း ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများကတောင်းဆိုထားကြောင်း သိရသည်။

တောင်းဆိုချက်များမရမချင်း ဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများဘက်က ပြောဆိုထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

အစာငတ်ခံဆန္ဒပြခဲ့သည့် နိင်ငံရေးအကျဉ်းသား ၁၄ ဦးကို စစ်ကောင်စီက သီးသန့်ခွဲထုတ်ချုပ်နှောင်သောကြောင့် ၎င်းတို့အတွက် စိုးရိမ်နေရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဆိုသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required