တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သား ၃ ဦး KIA ထံ လက်နက်ချ

By အဂမ် (မဇ္ဈိမ)
11 September 2023
တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သား ၃ ဦး KIA ထံ လက်နက်ချ
ပုံညွှန်း- KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံဟောင်း) (Photo/ AP)

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ဗန်မော်ခရိုင်၊ ရွှေကူစစ်မျက်နှာတွင် စစ်ရေးလှုပ်ရှား နေသော တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ထံလက်နက်ချပြီး CDM ဝင်ရောက်လာကြောင်း မြို့လှ K-PDF တပ်ရင်းက သတင်းထုတ်ပြန်ထား သည်။

တပ်မ(၈၈) လက်အောက်ခံ ခလရ (၇၈)မှ တပ်သား ရဝေအောင်နှင့် နိုင်လင်းဦး၊ ခလရ (၄၃၇)မှ ဇော်မင်း ထွေးတို့ လက်နက်နှင့်တကွ CDM ဝင်ရောက်လာခြင်းဖြစ်သည်ဟု မြို့လှ K-PDF မှ ရဲဘော်တဦးကပြော သည်။

“သူတို့ လက်နက်နဲ့တကွ CDM ဝင်လာတာ အမှန်ပါ။ ဘာကြောင့်ဝင်လာတယ်၊ ဘာဖြစ်လို့ဆိုတာကတော့ စစ်ရေးနဲ့ပက်သက်နေတာကြောင့် ပြောလို့မရသေးဘူး။ သုံးယောက်ဟုတ်တယ်။ မတူတဲ့တပ်တွေ စုပေါင်း ထားတဲ့ စစ်ကြောင်းက” ဟု အမည်မဖော်လိုသည့် မြို့လှ K-PDF တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

KIA ဌာနချုပ်အနီး နမ်ဆန်ယန်ဒေသသို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက် ခံတပ်ဖွဲ့ဝင်များမှာ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုများကို နေ့စဥ်ရင်ဆိုင်နေရပြီး  လက်နက်နဲ့တကွထွက်ပြေးကာ KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ ထံ CDM ဝင်ရောက်လာနေကြကြောင်း သိရသည်။

CDM ဝင်ရောက်လာသူများကို လူ့ဂုဏ်သိက္ခာနှင့်အညီ စောင့်ရှောက်ကူညီပေးထားသလို၊ လိုအပ်သည် များထောက်ပံ့ကူညီ၍ နေရပ်ပြန်ရေးအထိ အစစအရာရာ ကူညီဆောင်ရွက်ပေးလျှက်ရှိနေကြောင်းလည်း မြို့လှ K-PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သော စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြို့လှ K-PDF တပ်ရင်းထံ စစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက်ခံ ခလရ(၇၇)မှ ဒုတပ်ကြပ်ပေါညိမ်း လက်နက်နှင့်တကွ CDM ဝင်ရောက်လာကြောင်း သိရ သည်။

လက်ရှိတွင် ဗန်းမော်ခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ KIA တို့ နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly