ဝက်လက်တွင် စစ်ကောင်စီကင်းပုန်းအဖွဲ့ တိုက်ခိုက်ခံရ၊ ၇ဦးသေဆုံးဟုဆို

By MTO (မဇ္စျိမ)
11 September 2023
ဝက်လက်တွင် စစ်ကောင်စီကင်းပုန်းအဖွဲ့ တိုက်ခိုက်ခံရ၊ ၇ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ပေါက်ကန်ဘူတာအနီးတွင် ကင်းပုန်းဝပ်နေသော  စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ ခုနစ်ဦး သေဆုံးကြောင်း Eagle Guerrilla Force အဖွဲ့ထံမှ သိရသည်။
 
မန္တလေး- မြစ်ကြီးနားမီးရထားလမ်းမှ ပေါက်ကန်ဘူတာအနီးလမ်းပိုင်းကို ပြင်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား ကင်းပုန်းဝပ်လုံခြုံရေးယူပေးနေသည့်အဖွဲ့ကို  စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု Eagle Guerrilla Force အဖွဲ့ ခေါင်းဆောင် ဗိုလ်ကောက်ရိုးက ပြောသည်။

“ဒီကောင်တွေက ဗုံးသီးကျလာတဲ့လေသံကြားပြီး တောင်ဘက်ကို ပြေးကပ်တယ်။  သူတို့ပြေး ကပ်တဲ့ နေရာကို ကွက်တိကျတော့ ခုနစ်ကောင်သေပြီး ဒဏ်ရာရပိုများတာပေါ့ဗျာ” ဟု ၎င်းကပြောသည်။

အဆိုပါ ကင်းပုန်းအဖွဲ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ခန့်ရှိကြောင်းသိရပြီး ထိခိုက်သေဆုံးမှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

မန္တလေး- မြစ်ကြီးနားမီးရထားလမ်းအတိုင်း သယ်ဆောင်လာသည့် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများနှင့်ရိက္ခာများတင် ရထားသည် စက်တင်ဘာလဆန်းမှစတင်ကာ  ဝက်လက်မြို့နယ်အတွင်းရောက်ရှိနေသည်။ အဆိုပါရထားလမ်းပိုင်းကို ဒေသကွယ်ရေးတပ်ဖွဲ့များက ဖြတ်တောက်ဖျက်ဆီးထားရာ စစ်ကောင်စီရထားခရီးမဆက်နိုင်ဖြစ်နေသည်။ဆက်လက်ထွက်ခွာနိုင်ရေးအတွက် မီးရထားလမ်းပိုင်းများကို  စစ်ကောင်စီတပ်ဖွဲ့က ပြုပြင်နေပြီး ရထားသံလမ်း တလျှောက်ကျေးရွာများကို စစ်ကြောင်းထိုးခြင်း ၊ ကင်းပုန်းဝပ်ခြင်းများကို  လုပ်ဆောင်နေသည်။  ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း နည်းမျိုးစုံတိုက်ခိုက်နေကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ ညနေ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း Eagle Guerrilla Force၊ ကျောက်ဆည်နဂါးနီဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်နဂါးနီတပ်ရင်း(၁)၊ မိတ္ထိလာပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့- Lightning Drone Force  အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ၏လှုပ်ရှားမှုများကိုထောက်လှမ်းနိုင်ရေးနှင့် တိုက်ခိုက်မှုများကို မှတ်တမ်းတင်နိုင် ရေး ကင်းထောက်ဒရုန်းတခုလိုအပ်နေကြောင်း ဗိုလ်ကောက်ရိုးက ပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly