ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်

By မဇ္ဈိမ 
11 September 2023
ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်

 

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရတဲ့ ထိပ်ဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်နေကြောင်း နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ Global Coalition to Protect Education from Attack (GCPEA) ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း စာသင်ကျောင်းတွေနဲ့ ပညာရေးအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုဟာ တကမ္ဘာလုံးအတိုင်း အတာနဲ့ အကြိမ်ပေါင်း ၃ ထောင်ကျော်ရှိခဲ့ပြီး၊ အဆိုးဝါးဆုံး တိုက်ခိုက်ခံရတဲ့အထဲမှာ ယူကရိန်း၊ မြန်မာနဲ့ ဘာကီနာဖာဆို တို့ပါဝင်သလို၊ တိုက်ခိုက်မှုအားလုံးရဲ့ သုံးပုံတပုံဟာ အဲဒီဒေသတွေမှာ ဖြစ်ခဲ့တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ ပညာရေး ကာကွယ်စောင့်ရှောက်ရေးနေ့ မတိုင်မီထုတ်ပြန်တဲ့ GCPEA ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒီတိုက်မှုဟာ ၂၀၂၁ ခုနှစ်ကထက် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကျောင်းသားနဲ့ဆရာစုစုပေါင်း ၆၇၀၀ ကျော် ဖမ်းဆီးသတ်ဖြတ်၊ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။  အစိုးရလက်နက်ကိုင်ရော၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တွေရောက စာသင်ကျောင်းတွေကို စစ်ရေးပစ်မှတ်အဖြစ် အသုံးပြုခဲ့တဲ့ ဖြစ်ရပ်ပေါင်း ငါးရာကျော် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း စာသင်ကျောင်းတွေ ကလေးတွေနဲ့ ဆရာဆရာမတွေကို အမြဲတစေ အကာအကွယ်ပေးနိုင်ဖို့ နိုင်ငံတိုင်းကို တောင်းဆိုပါတယ်လို့ ပညာရေးကာကွယ်စောင့်ရှောက်ရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ကလေးတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်း စာသင်လို့ရတဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးဖို့ ဂူတားရက်စ် ကတိုက်တွန်းထားပါတယ်။ ကမ္ဘာတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးပေါင်း ၇၂ သန်း ကျောင်းမတက်နိုင်ပဲ၊ ကလေးနဲ့ လူငယ် ၂၂၄ သန်းဟာ ပညာရေးဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း လတ်တလောဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ် ၁၇ သန်း စာမသင်ရဘူးလို့ Education Cannot Wait အဖွဲ့က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက စာသင်ကျောင်း တွေကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆရာဆရာ၊ ကျောင်းသူကျောင်းသား ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။ စာသင်ကျောင်းတွေတိုက်ခိုက်ခံရမှု၊ ကျောင်းသားဆရာတွေသေဆုံးမှု‌အများဆုံး ထိပ်ဆုံး သုံးနိုင်ငံထဲပါဝင်တဲ့ မြန်မာမှာ ပညာရေးဆိုင်ရာအခြေခံအဆောက်အအုံတွေတိုက်ခိုက်ခံရမှု ဆက်ရှိနေဆဲဖြစ်ပြီး မနှစ်တုန်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ပစ်ခတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required