ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတပြော

By မဇ္ဈိမ 
11 September 2023
ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတပြော

 

ခုခံတော်လှန်သူနေကြတဲ့ ပြည်သူတွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အနိုင်ရမှာဟုတ်ဘူးလို့ အရှေ့တီမော သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောဆိုလိုက်ပါတယ်။ အယ်ဂျာဇီးယားသတင်းဌာနရဲ့ စက်တင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ အင်တာဗျူးတစ်ခုအတွင်း ဖော်ပြထားတာဖြစ်ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို ရောက်ရှိနေချိန် အရှေ့တီမောသမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရဲ့ ၃ဝ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်ပြီး ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ အနိုင်ရမှာမဟုတ်ကြောင်း ၊ မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ရန်သူနဲ့တိုက်ခိုက်တာ ဖြစ်ပေမဲ့ အခုအချိန်မှာ ပြည်သူတွေနဲ့ တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့အကြောင်း၊ မြန်မာစစ်တပ်ကို ရုရှားနဲ့ မြောက်ကိုရီးယားတို့က လက်နက်ထောက်ပံ့တာတွေ မလုပ်ဖို့ မျော်လင်တဲ့အကြောင်း သူက ပြောကြားသွားပါတယ်။ အရှေ့တီမောနိုင်ငံအနေဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာပါ။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တီမောနိုင်ငံရဲ့ဖိတ်ခေါ်ချက်အရ ဇူလိုင် ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တီမောနိုင်ငံသို့ သွားရောက်ခဲ့ပြီး တီမောလက်စတေးနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်တဲ့ ခရီးစဉ်အတွင်း တီမောသမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ NUG ဝန်ကြီးတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် စက်တင်ဘာ ၁ ရက်နေ့မှာတော့ စစ်ကောင်စီက ရန်ကုန်မြို့ရှိ တီမောသံအမတ်ကို မြန်မာနိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းပေးဖို့ မကြိုးစားတော့ရင် အာဆီယံ အဖွဲ့ထဲကို ဝင်ဖို့ ပြန်စဉ်းစားရမယ်လို့ အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ် ရှာနာနာ ဂတ်မို က မကြာခင်က ပြောကြားခဲ့ပေမဲ့ အရှေ့တီမောနိုင်ငံဟာ အာဆီယံ အဖွဲ့ထဲ ဝင်ရောက်မဲ့ အစီအစဉ် အပြောင်းအလဲမရှိကြောင်း သမ္မတ ဟိုဆေး ရာမို့စ် ဟိုတာ က ပြောပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်တာကြောင့် ဝန်ကြီးချုပ်က စိတ်ပျက်တဲ့ သဘောမျိုး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သမ္မတက ပြန်လည် ဖြေရှင်းထားပါတယ်။  အာဆီယံအဖွဲ့ဝင် ဖြစ်ရေးဟာ အရှေ့တီမောနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားဖြစ်တဲ့အတွက် အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းမှုတွေ ဆက်လုပ်နေတဲ့အကြောင်း၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက် ဆောင်ရွက်တာက အဖွဲ့ ပြင်ပကနေ ဆောင်ရွက်မှုထက် ပိုပြီး ထိရောက်လိမ့်မယ်လို့ မြင်တဲ့အကြောင်း သူက ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly