ရုရှားနိုင်ငံထံက တိုက်လေယာဉ်နှစ်စင်း စစ်ကောင်စီ ရရှိထား

By မဇ္ဈိမ 
11 September 2023
ရုရှားနိုင်ငံထံက တိုက်လေယာဉ်နှစ်စင်း စစ်ကောင်စီ ရရှိထား

 

အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများရဲ့ပိတ်ဆို့မှုခံထားရပေမယ့် မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံထုတ် Su-30 အမျိုးအစား ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်နှစ်စင်းကို လက်ခံရရှိထားတယ်လို့ စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၁ဝ ရက်နေ့က ဗလာဒီဘော့စတော့ခ်မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် ကို တက်ရောက်လာချိန်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ Su-30ဖိုက်တာဂျက် ခြောက်စင်းပေးပို့ဖို့ ရုရှားနဲ့ မြန်မာစစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ ရုရှားအစိုးရပိုင် Rosoboronexport လက်နက်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ အဆိုအရဆိုရင် အခုမြန်မာစစ်တပ်လက်ထဲရောက်လာတဲ့ တိုက်လေယာဉ်တွေဟာ တစ်ဖက်ရန်သူရဲ့ လေကြောင်းပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ လေကြောင်းကင်းထောက်ဖို့၊ တိုက်ခိုက်ရေးနဲ့ လေကြောင်းပိုင်းလော့ လေ့ကျင့်ရေးလုပ်ဖို့အတွက် ထုတ်ထားတဲ့ ဂျက်တိုက်လေယာဉ်တွေလို့ ရိုက်တာသတင်းက ရေးသားပါတယ်။ ရုရှားတိုက်လေယာဉ်နဲ့ပတ်သက်တဲ့ အင်ဂျင်နီယာတွေ၊ နည်းပညာသမားတွေဟာ တိုက်လေယာဉ်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ပြီးခဲ့တဲ့နှစ်အတွင်း ရောက်ရှိခဲ့ဖူးကြောင်း ရုရှားသတင်းတွေက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့ ရုရှားနိုင်ငံထုတ် Su-30 အမျိုးအစား တိုက်လေယာဉ် တွေကို နေပြည်တော်မှာ ဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။ အဆိုပါတိုက်လေယာဉ်ဟာ ရုရှားနိုင်ငံထုတ် ဘက်စုံသုံး တိုက်လေယာဉ်တွေထဲမှာ အဓိကတိုက်လေယာဉ်ဖြစ်ပြီး Su-30 အမျိုးအစား တိုက်လေယာဉ်တွေကို ၂ဝ၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ စင်ကာပူလေကြောင်းပြပွဲမှာ ပထမဆုံးမိတ်ဆက်ပြသခဲ့ကြောင်း သိရပါတယ်။ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေကို အရေးယူဖို့၊ လေယာဉ်ဆီရောင်းချတာတွေ တားမြစ်ဖို့ တောင်းဆိုနေကြချိန်မှာ ရုရှားကနေ မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေပို့နေတာဖြစ်ပါတယ်။ ရုရှားအဆင့်မြင့်သံတမန်တွေဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို မကြာမကြာလာရောက်နေသလို စစ်ခေါင်းဆောင်ဟာလည်း ရုရှားကို သွားရောက်တာရှိနေပါတယ်။ စစ်ကောင်စီကို ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားရဲ့လုပ်ရပ်ကို အမေရိကန်အစိုးရက သတိပေးထားပြီး လက်နက်ထောက်ပံ့ပေးနေတာကိုလည်း ရှုတ်ချထားပါတယ်။ ရုရှားမှာ စီးပွားရေးဖိုရမ်တက်နေတဲ့ စစ်ကောင်စီဝန်ကြီးဟာ ရုရှား-မြန်မာ နှစ်နိုင်ငံကြား ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း သဘောတူလက်မှတ်ထိုးဖို့ရှိတယ်လို့ စစ်ကောင်စီဝန်ကြီးက ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required