မြန်မာ၊ ယူကရိန်းနှင့် အခြားစစ်ဇုန်များတွင် ပညာရေးကဏ္ဍ တိုက်ခိုက်ခံနေရဟု NGO အဖွဲ့ ပြော

မြန်မာ၊ ယူကရိန်းနှင့် အခြားစစ်ဇုန်များတွင် ပညာရေးကဏ္ဍ တိုက်ခိုက်ခံနေရဟု NGO အဖွဲ့ ပြော
မဇ္ဈိမ

ပညာရေးကဏ္ဍတွင် ပြင်းထန်သည့် စိန်ခေါ်မှုတရပ်နှင့် ရင်ဆိုင်နေရသည့် နိုင်ငံများထဲတွင် မြန်မာသည်လည်း တနိုင်ငံအဖြစ် ပါဝင်နေသည်။ ၂၀၂၂ ခုနှစ်က ပညာရေးကဏ္ဍတွင် တိုက်ခိုက်ခံရမှုဖြစ်စဉ်ပေါင်း ၃,၀၀၀ ကျော် ရှိခဲ့ပြီး ယင်းက အစောပိုင်းတနှစ်ကထက် ၁၇ ရာခိုင်နှုန်း ပိုများလာခြင်း ဖြစ်ကြောင်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (GCPEA) ၏ စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယခုနှစ် စက်တင်ဘာ ၉ ရက်တွင် ကျရောက်သည့် ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေးဆိုင်ရာ လေးကြိမ်မြောက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ နေ့ မတိုင်မီ ထိုဒေတာအချက်အလက်များကို ထုတ်ပြန်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုဖြစ်စဉ်အားလုံး၏ သုံးပုံ တပုံနီးပါးသည် ယူကရိန်း၊ မြန်မာနှင့် ဘာကီနာ ဖာဆို  နိုင်ငံသုံးနိုင်ငံတွင်သာ ဖြစ်ပွားထားခဲ့ပြီး အများစုသည် ယူကရိန်းရှိ စစ်ပွဲအတွင်း ဖြစ်ပွားခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်က ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုများကြောင့် ကျောင်းသားနှင့် ဆရာဦးရေ ၆,၇၀၀ ကျော် သေဆုံး၊ ဒဏ်ရာရ၊ ပြန်ပေးဆွဲခံရ၊ ဖမ်းဆီးခံရ သို့မဟုတ် တနည်းအားဖြင့် ထိခိုက်ခဲ့ရကြောင်းနှင့် ယင်းသည် ၂၀၂၁ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း ပိုများခြင်း ဖြစ်ကြောင်း GCPEA အရ သိရသည်။ လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ စစ်ရေးရည်ရွယ်ချက်များအတွက် စာသင်ကျောင်းများကို အသုံးပြုမှုများက ၂၀၂၂ ခုနှစ်တွင် မြင့်တက်ခဲ့ပြီး ဖြစ်စဉ်ပေါင်း ၅၁၀ ကျော် ရှိကာ အစောပိုင်းနှစ်က ယင်းကဲ့သို့ ဖြစ်စဉ်ပေါင်း ၄၅၀ ခန့် ရှိခဲ့သည်။ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုများတွင် မကြာခဏဆိုသလို ဖောက်ခွဲရေးလက်နက်များကိုလည်း ပစ်မှတ်ထား အဆင်အခြင်မဲ့ အသုံးပြုမှုများ ရှိခဲ့ရာ ကြီးမားသည့် ထိခိုက်မှုတို့ကို ဖြစ်စေသည်။ ပေါက်ကွဲခြင်း မရှိသေးသော စစ်လက်နက်ပစ္စည်းများကလည်း လာမည့်နှစ်များတွင် လူ့အသက်သေစေနိုင်သည့် အန္တရာယ်ကို ဆက်လက်ဖြစ်ပေါ်စေမည် ဖြစ်သည်။

“စာသင်ကျောင်းတွေဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အလျောက် ဘေးကင်းလုံခြုံတဲ့နေရာတွေအဖြစ် အမြဲတစေ ရှိမနေဘဲ ၊ ဒါတွေဟာ ရံဖန်ရံခါဆိုသလို အလွန်အကျွံ အကြမ်းဖက်မှုတွေရဲ့ နေရာ (ဆိုဒ်) တွေ ဖြစ်နေတယ် ဆိုတာကို ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေး နိုင်ငံတကာနေ့က ထင်ထင်ရှားရှား သတိပေးနေပါတယ်” ဟု GCPEA ၏ အမှုဆောင်ဒါရိုက်တာ ဒီယာ နီဂျ်ဟောင်းန်က ပြောသည်။ “မနှစ်က စိတ်ဆင်းရဲစရာကောင်းလောက်အောင် တိုက်ခိုက်မှုတွေ များပြားလာတာကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရော၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရောအနေနဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ အနီးအနားလိုမျိုး လူနေများတဲ့ ဧရိယာတွေမှာ ဧရိယာကျယ်ပြန့်တဲ့ ထိခိုက်မှုတွေ ရှိစေမယ့် ဖောက်ခွဲရေးလက်နက်တွေ အသုံးပြုတာ ရှောင်ကြဉ်တာ၊ စာသင်ကျောင်းတွေကို စစ်ရေးရည်ရွယ်ချက်တွေအတွက် အသုံးမပြုဘဲ ရှောင်ရှားတာ အပါအဝင် ပညာရေး ကဏ္ဍအပေါ် ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်”

အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များနှင့် ပညာရေး ကဏ္ဍအပေါ် တိုက်ခိုက်မှုများ-အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် အလားအလာများနှင့် အလေ့အထများကို ရှာဖွေခြင်း ဆိုသည့် စာမျက်နှာ ၃၉ မျက်နှာပါ အစီရင်ခံစာသစ်တရပ်ကိုလည်း ထို ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာအရ ၂၀၂၀ နှင့် ၂၀၂၁ အကြား ပညာရေး ကဏ္ဍအပေါ် တိုက်ခိုက်မှုဖြစ်စဉ် အားလုံး၏ ထက်ဝက်ကျော်နှင့် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို စစ်ရေးအရ အသုံးပြုမှုဖြစ်စဉ် လေးပုံတပုံခန့်ကို အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်းကို တွေ့ရှိခဲ့သည်။ ကျောင်းများနှင့် ဆရာများကို တိုက်ခိုက်ခြင်းအတွက် ထိုအဖွဲ့များတွင် ရှိသည့် အမျိုးမျိုးသော အရင်းခံအကြောင်းများကို အစီရင်ခံစာတွင် ထုတ်ဖော်သလို ထို တိုက်ခိုက်မှုများ လျော့ကျစေရေး အကြံပြုထောက်ခံချက်များနှင့် မဟာဗျူဟာများကို ပံ့ပိုးခဲ့သည်။ ၂၀၂၂ နှင့် ၂၀၂၃ တွင် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များသည် တိုက်ခိုက်မှုအားလုံး၏ သိသာထင်ရှားသည့် အပိုင်းတခုကို ဆက်လက် ကျူးလွန်သူများဖြစ်နေခဲ့သည်။ ဥပမာတခုအနေဖြင့် အရပ်သား ၁၂၁ ဦးထက်မနည်း သေဆုံးပြီး ရာချီ ထိခိုက်ဒဏ်ရာရခဲ့သည့် ၂၀၂၂ အောက်တိုဘာလ ဆိုမာလီယာ ပညာရေးဝန်ကြီးဌာနကို ပစ်မှတ်ထားသည့် ကားဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ကြောင်း ဆိုမာလီယာရှိ အယ်လ်ရှာဘတ်အဖွဲ့က ထုတ်ဖော်ခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခအတွင်း ကျောင်းသားများ၊ ဆရာများ၊ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ကာကွယ်စောင့်ရှောက်မည့် နိုင်ငံရေး ကတိကဝတ်တခုဖြစ်သည့် နိုင်ငံ ၁၁၈ နိုင်ငံက ထောက်ခံခဲ့သော ဘေးကင်းသည့် စာသင်ကျောင်းများ ကြေညာချက်သည် ပညာရေး ကဏ္ဍအပေါ် တိုက်ခိုက်မှုများ၏ သက်ရောက်မှုများကို လျှော့ချရန်နှင့် ကာကွယ်ရာတွင် အဓိကအခန်း ကဏ္ဍတခုမှ ပါဝင်နေသည်။ ကြေညာချက်ကို ထောက်ခံအတည်ပြုခြင်းအားဖြင့် အစိုးရများအနေဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကျောင်းများနှင့် တက္ကသိုလ်များကို စစ်ရေးအရ အသုံးပြုခြင်းမှ ကာကွယ်ရေးဆိုင်ရာ ဂိုက်လိုင်းများကို အသုံးပြုရန် ကတိပြုရာ ရောက်သည်။

အခြေစိုက်စခန်းများ၊ ပစ်ခတ်မှု နေရာများ၊ ထိန်းသိမ်းရေး စခန်းများ၊ လေ့ကျင့်ရေး ကွင်းများနှင့် အခြား စစ်ဖက် ရည်ရွယ်ချက်များအတွက် စာသင်ကျောင်းများကို အသုံးပြုခြင်းက ကျောင်းများကို စစ်ရေးပစ်မှတ်များအဖြစ် ပြောင်းလဲစေနိုင်ပြီး ထိုကျောင်းဧရိယာအတွင်း ရှိသူများ၏ အသက်ကို ဘေးမကင်းဖြစ်စေသည့်အပြင် ကျောင်းများ ပညာသင်ကြားမှုအတွက် ပိတ်ထားခြင်းခံရသည်ဖြစ်သည့်အတွက် ကျောင်းသားများနှင့် ဆရာများ အကြောက်တရားကင်းမဲ့စွာ ကျောင်းတက်ရောက်မှုအပေါ်လည်း ပိတ်ပင်တားဆီးရာ ရောက်စေသည်။ ထိုကျောင်းများကို တက်ရောက်ရသူများအနေဖြင့်လည်း စစ်သားများ၏ လူသစ်စုဆောင်းမှုနှင့် လိင်အကြမ်းဖက်မှုတို့အပေါ် ခုခံနိုင်စွမ်းအားနည်းသလို ဖြစ်စေသည်။ စာသင်ကျောင်း အခြေခံ အဆောက်အအုံနှင့် သင်ကြားရေးပစ္စည်းများ ထိခိုက်ပျက်စီးရသည့်အတွက် ပညာရေး အရည်အသွေးအပေါ် ထိခိုက်စေကာ ရံဖန်ရံခါဆိုသလို စာသင်ကြားမှုကို မဖြစ်နိုင်စေသည့် အခြေအနေသို့ ရောက်စေသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ဘေးကင်းသော စာသင်ကျောင်းများ ကြေညာချက် စတင်ခဲ့ချိန် အစိုးရ တဒါဇင်ကျော်သည် စစ်ရေး ရည်ရွယ်ချက်များအတွက် စာသင်ကျောင်းများကို အသုံးပြုခြင်းကို ကန့်သတ်ပိတ်ပင်ရန် ၎င်းတို့၏ အမျိုးသား မူဝါဒများ၊ လုပ်ဆောင်ချက် အလေ့အထများ သို့မဟုတ် စစ်ရေးလက်စွဲစာအုပ်များတွင် အပြောင်းအလဲများ လုပ်ဆောင်ခဲ့ကြသည်။ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များသည်လည်း ပညာရေးကို ကာကွယ်စောင့်ရှောက်ရန် အစီအမံများ လုပ်ဆောင်ကြသည်။ ၂၀၂၂ အောက်တိုဘာတွင် ဘာကီနာ ဖာဆို၌ လှုပ်ရှားသော အဖွဲ့တချို့သည် ပညာရေး အင်စတီကျူးရှင်းများကို ကာကွယ်မည်ဟု ကတိပြုသည့် တဖက်သတ် ကြေညာချက်များကို လက်မှတ်ထိုးခဲ့သည်။ ယီမင်တွင် မြို့တော်နှင့် နိုင်ငံ၏ တခြားနေရာဒေသများကို ထိန်းချုပ်သည့် ဟူသီတို့ကလည်း ကလေးများအပေါ် အခြားသော ကြီးလေးသည့် အကြမ်းဖက်မှုများနှင့်အတူ စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှုများ အဆုံးသတ်စေရေးအတွက် ၂၀၂၂ တွင် အက်ရှင်ပလန် တခုကို လက်မှတ်ထိုးခဲ့သည်။

“ပညာရေး ကဏ္ဍအပေါ် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ကျောချမ်းစရာ အချက်အလက်တွေနဲ့ လူ့အသက်တွေ ဆုံးရှုံးရမှုအပြင် ဒီကိန်းဂဏန်းတွေက ကိုယ်စားပြုထင်ဟပ်တဲ့ အလားအလာတို့ ရှိနေပေမယ့်လည်း မျှော်လင့်ချက် အများကြီး ရှိနေဆဲပါ” ဟု နီဂျ်ဟောင်းန်က ပြောသည်။ “ဘေးကင်းသော စာသင်ကျောင်းများ ကြေညာချက်နဲ့ စာသင်ကျောင်းတွေကို စစ်ရေးအရ အသုံးပြုမှုဆိုင်ရာ လမ်းညွှန်ချက်တွေက ကျောင်းသား၊ ဆရာတွေနဲ့ သူတို့တည်ဆောက်တဲ့ လူအသိုက်အဝန်းတွေရဲ့ အသက်ဘဝတွေနဲ့ အနာဂတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လမ်းပြမြေပုံတခုကို ထောက်ပံ့ပေးပါတယ်။ ဒီ ပညာရေး ကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ နေ့မှာ နိုင်ငံအားလုံးအနေနဲ့ ဒီ ကြေညာချက်ကို ထောက်ခံအတည်ပြုသင့်ပြီး ဒီထဲမှာပါတဲ့ ကတိကဝတ်တွေကို လက်တွေ့ဖော်ဆောင်သင့်ပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required