ဒေါ်ကိုင်ဂု‌ဏောအနန္တော(သို့မဟုတ်) သက်တမ်းရှည် မူးယစ်ဆေးဝါးဒိုင်ချုပ်အမျိုးသမီးကြီး

By ဘရန်ဆိုင်းလူ
10 September 2023
ဒေါ်ကိုင်ဂု‌ဏောအနန္တော(သို့မဟုတ်) သက်တမ်းရှည် မူးယစ်ဆေးဝါးဒိုင်ချုပ်အမျိုးသမီးကြီး
ဖားကန့်စစ်တပ်ကုန်းအနောက်ဘက်ရပ်ကွက်ထဲမှ မူးယစ်ဆေးဝါးရောင်းသည့်နေရာအား လွန်ခဲ့သည့် လေးနှစ်ခန့်က  တွေ့ခဲ့ရသည့် မှတ်တမ်းပုံဟု ဒေသခံများကဆိုသည်။  Photo/HT

လူသေ‌အလောင်းများကို ဖျာလိပ်ထဲထည့်သယ်သွားသည့် မြင်ကွင်းက မဆန်းတော့သည့် ဇိုးနယ်မြေတခု။ ပြည့်တန်ဆာခန်းကို ဖာခန်းဟုပင်  ပီပီပြင်ပြင် အသံထွက် ပြောလေ့ရှိသည့်ဒေသ။ ဖာခန်း၊ ဖိုးခန်း (ဆေးချသည့်အခန်း)၊ ဘိန်းခန်း( ဘိန်းရှုသည့်အခန်း) များက ပုန်းရှိူးကွယ်ရှိုးမဟုတ်။ ရဲစခန်းနှင့် မလှမ်းမကမ်း တောင်ကုန်းပေါ်တွင် ပေါ်တင်ဖွင့်ထားသည်။ ဒေသတွင်း တရားမဝင်ရွှေတူးဖော်ရေးလုပ်ကွက်များကို အကြောင်းပြုပြီး လူမျိုးစုံ၊စရိုက်မျိုးစုံဝင်ချည်ထွက်ချည် အခြေချနေသည့် ထိုနေရာတွင် အော်ဟစ်ဆဲဆိုသံများဆူဆူညံညံကြားရတတ်သလို မူးယစ်ဆေးစွဲနေသူ(ဒေသအခေါ် ဖိုးသမား) များ၏ ငြီးညူသံများလည်း ခပ်တိုးတိုးထွက်နေတတ်သည်။လုယက်မှု၊လူသတ်မှုသတင်းများက  ထူးဆန်းမနေတော့ပေ။ ဆေးလွန်ပြီး ပိုင်ရှင်မဲ့ သေဆုံးနေသည့် ရုပ်‌အလောင်းတွေကို မကြာခဏတွေ့ရတတ်သည်မို့ ဒီမြင်ကွင်းတွေကလည်း ဒေသခံများအဖို့ ရိုးအီနေပြီ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှ နမ့်ပုတ်ချောင်းဘေး တောင်ကုန်းတနေရာမြင်ကွင်းဖြစ်သည်။ ထိုနေရာနှင့် ခပ်လှမ်းလှမ်း ရွာလယ်တွင် သစ်သားအိမ်ကြီးတလုံးရှိနေသည်။ ထိုအိမ်ကို ဖားကန့်တနယ်လုံးတွင် ဒေါ်ကိုင်ဟုလူသိများသောအမျိုးသမီးကြီးက ပိုင်သည်။ ဒေါ်ကိုင်က ယခုဆိုလျှင် အသက် ၆၅ နှစ်ခန့်ရှိပြီ။ အနေအထိုင် သိုသိပ်ပိရိသည်။ သူ့အမည်ရင်းကို ပတ်ဝန်းကျင်ကပင်မသိ။ ကချင်တိုင်းရင်းသားမိသားစုတွင် ငါးယောက်မြောက်သမီးဟု အဓိပ္ပါယ်ရသည့် မာကိုင်အဖြစ် ခေါ်ကြရာမှ နောက်ပိုင်းတွင် ဒေါ်ကိုင်ဟုအမည်တွင်လာသည်။မျက်ပေါက်ကျဉ်းကျဉ်းနှင့် အရပ်ငါးပေနှစ်လက်မခန့်ရှိသည့် ဒေါ်ကိုင်သည် ဆယ်ဇင်းရွာအပါ အဝင် ဖားကန့်ဒေသကို မူးယစ်ဆေးဝါးဖြန့်ဖြူးနေသည့် ဒိုင်ချုပ်ကြီးဖြစ်‌ကြောင်းယင်း‌ဒေသမှ အရပ် သားများ၊နိုင်ငံရေးသမားများ၊ အိမ်ထောင်ရှင်မများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေမဆေးကျောက်ရှာသူများ၊ လောပန်း( ကျောက်ဝယ်သူများ) ရဲများက တူညီသော အဖြေကို ပေးပါသည်။ ဒေသအခေါ် ခပ်ပုံဟု ခေါ်သည့် ဘိန်းမဲ၊ဘိန်းဖြူ၊ ရာမစိတ်ကြွ ဆေးပြားတို့ကို ဒေါ်ကိုင်က ဖြန့်ဖြူးရောင်းချသည်ဟုဆိုကြသည်။

ထို‌နေရာ ထိုဝန်းကျင်၌ ရဲမှူး‌ဇော်ထိန်(အမည်လွှဲ)က ကာလရှည်တာဝန်ကျခဲ့ဖူးသည်။သူအငြိမ်းစားယူခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါးရှိခဲ့ပြီ။  စစ်တပ်မှ ပြောင်းလာသည့် မိုးကျရွှေကိုယ်မဟုတ်သော ရဲစစ် စစ်မို့ ရဲဝန်ထမ်းဘဝ အမှုအခင်းများစွာကို ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့သည်ဟု သူ့ကိုယ်သူ ယုံ ကြည်သည်။ သို့သော် တရားရေးအသိုင်းအဝိုင်းတခုလုံးက ဥပဒေကို လိုသလိုပုံသွင်းကာ အဂတိလှိုက် စားခဲ့သည့်  ဖြစ်ရပ်တခုအား လက်ပိုက်ကြည့်နေခဲ့ရသည့်အဖြစ်က သူ့နေ့စဉ်ဘဝကို  စူးတ‌‌ချောင်းလို ထိုးဆွနေဆဲဟု ငြီးတွားသည်။ထိုအမှုသည် ဒေါ်ကိုင်နှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။ 

ဒေါ်ကိုင်နှင့် ရဲမှူးဇော်ထိန်သည် သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်အလွန် အတိတ်ကာလတခု၌ အကြောင်းဆုံခဲ့ဖူးသည်။လာခြင်းကောင်းသော ဆုံ‌တွေ့ခြင်းမျိုးတော့မဟုတ်။ဖားကန့်၌ ဒေါ်ကိုင်တန်ခိုးထွားနေချိန်၊  ဒေါ်ကိုင်အမျက်ရှခံရသူ မည်သူမဆိုအချိန်မရွေး သံတိုင်နောက်ရောက်သွားနိုင်(သို့မဟုတ်)အသက်အန္တရာယ် ရန်ရှာခံရနိုင်သော အ‌ခြေအနေတွင် ဆုံခဲ့ခြင်းဟုရဲမှူးဇော်ထိန်က ပြန်ပြောပြသည်။

" လောကကြီးတခုလုံးက ဝေစားမျှစားနဲ့။ နောက်ဘိတ်ဆုံးကျ ဒေါ်ကိုင်က လွတ်သွားတယ်။ ကျော်မကောင်းကြားမကောင်းအမှုကြီးက အဲဒီလိုနဲ့ပြီးသွားတာ ကျွန်တော့်စိတ်ထဲ တနုံ့နုံ့နဲ့ ခံစားနေရတုန်းပဲ"

‌အတ်ိတ်တချိန်ကကြုံခဲ့ရသည့် အဖြစ်အပျက်အပေါ် ကချင်တိုင်းရင်းသား ရဲမှူးဇော်ထိန်က ကချင်ပြည် နယ်၏ အထင်ကရ စိန်လုံတောင်တန်းကြီးအား လှမ်း‌မြင်နေရသော သူ့အိမ်အိုလေးထဲမှနေ၍  စိတ်ပျက်လက်ပျက်ဖွင့်ဟငြီးညူ‌သည်။ထိုအဖြစ် အပျက်သည် မင်းနေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်ခန်းမကြီးထဲမှ အစပြုခဲ့ပါသည်။

-  ဒီမိုကရေစီအစိုးရ လက်မှိုင်ချရသူ

၂၀၁၆ ဖေဖော်ဝါရီလ ၂၅ရက်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအနိုင်ရ ဒီမိုကရေစီအစိုးရနှင့် ပူပူနွေး နွေးလွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏ ပျား ရည်ဆမ်းနိုင်ငံရေးခရီးအစတွင် နေပြည်တော်မှပြည် သူ့လွှတ်တော်ခန်းမကြီးအတွင်း အရေးကြီးအဆိုတခုကို အကြိတ်အနယ် ‌ဆွေးနွေးနေကြသည်။ ဒေါ်ကိုင်နှင့်တိုက်ရိုက်ပတ်သက်သည်။

ဖားကန့်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးတင်စိုးက ဖားကန့်တွင် မူးယစ်ဆေး ရောင်းချသူတဦးတည်းက ရဲတပ်ဖွဲ့ထံ ပေးသွင်းရသည့် လိုင်းကြေးမှာ တနေ့လျှင် ကျပ်သိန်း ၁၀၀ ကျော်ရှိနေကြောင်း၊ အဆိုပါယန္တရားတွင် ပါဝင်နေသူများကို အရေးယူရန် ၎င်းရရှိထားသည့် သက်သေအထောက်အထားများကို ဖွင့်ချပြီးဆွေးနွေးခဲ့သည်။အဆိုပါ ‌ဆွေးနွေးမှုမတိုင်မီ ရှေ့လအနည်းငယ်က ဖားကန့်မြို့ရှိ ‌ဒေါ်ကိုင်အိမ်ကို ဒေသခံလူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(ပတ်ဂျာဆန်)က ဝင်ရောက်ဖမ်း ဆီးခဲ့သည်။ တရက်လျှင်ကျပ်သိန်း ၁၀၀ ခန့်ဖြင့် ၅၈ ရက်အတွင်း ကျပ်သိန်း ၅,၆၈၀ ကျော်ကို ဒေသအာဏာပိုင်များထံ လိုင်းကြေးပေးဆောင်ထားသည့်သက်သေခံစာရွက်စာတန်းများအား ရှာဖွေတွေ့ရှိခဲ့သည်။ ထိုမှတ်တမ်းကို ဦးတင်စိုးကပြည်သူ့လွှတ် တော်၌ ချပြ‌လိုက်ခြင်းဖြစ်သည်။

" မူးယစ်ဆေးတွေကို ပါမစ်ရထားသလို ဈေးတန်းတွေနဲ့ ရောင်းနေကြတယ်"ဟု ဝယ်လိုအားရော ရောင်းလိုအားပါ မြိုင်နေသည့် သူ့မဲဆန္ဒနယ်မြေမှ မူးယစ်ဆေးဝါးဈေးကွက်အခြေအနေကို ဦးတင်စိုးက နိုင်ငံသိ ဖွင့်ချခဲ့သည်။ နောက်ရက်အနည်းငယ်တွင် ဒေါ်ကိုင်ကို ရဲကဖမ်းဆီးထားကြောင်းသတင်း ထွက်ပေါ်လာသည်။ ထိုမတိုင်ခင်ကလည်း  ဒေါ်ကိုင်သည် ယခင်ပြစ်မှုဟောင်းဖြင့် တရားခံပြေးဖြစ်ပြီး ရဲက မသိကျွုံးကျွန်ပြု၍လွှတ်ထားစဉ် လွှတ် တော်အတွင်း နိုင်ငံသိဖွင့်ချခံရတော့မှသာ ဖမ်းဆီးခြင်းဟု ဒေသခံများကဆိုသည်။ ထို့နောက် ဒေါ်ကိုင်အား မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ရဲက အမှုဖွင့်ခဲ့သည်။ နာမည်ကြီး မူးယစ်ဆေးဒိုင်ချုပ်ကို မူးယစ်ဆေးရောင်းချသည့် ပုဒ်မဖြင့် အရေးမယူသည့်အပေါ် ဒေသခံများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ ဒေါ်ကိုင်က သူ့ကျန်းမာရေးအ‌ခြေအနေအရ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ဆေးဝါးအချို့သုံးစွဲခြင်းဟု ထုချေအကြောင်းပြသည်။ 

ယင်းအချိန်က တည်ဆဲမူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲဆေးသောဆေးဝါးများဆိုင်ရာဥပဒေ၌ 
ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်သည့်ဌာန သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက အသိအမှတ်ပြုထားသည့် ဆေးကုဂေဟာတွင် မှတ်ပုံတင်ရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ဆေးကုသရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရန် ပျက် ကွက်လျှင်ဖြစ်စေ ထောင်ဒဏ်အနည်းဆုံး (၃)နှစ်မှ အများဆုံး (၅)နှစ် အထိ ချမှတ်ခြင်းခံရမည်ဟု ဖော်ပြထားသည်။

အဆိုပါအမှုမှ ဒေါ်ကိုင်လွတ်မြောက်ရေးအတွက် တရားသူကြီး၊ ဥပဒေအရာရှိ၊ရှေ့နေ၊ မှုခင်းဆရာဝန်၊ ရဲစသူတို့က အကွက်ကျကျပူးပေါင်းပြီး  ဒေါ်ကိုင်ကို အုပ်စုဖွဲ့ အကာအကွယ်ပေးခဲ့ကြကြောင်း အမှုအခြေ အနေကို စောင့်ကြည့်လေ့လာသူများက ပြောသည်။ဖမ်းဆီးခံရပြီး နှစ်ပတ်အတွင်း တရားစွဲမတင်နိုင်၍ ဒေါ်ကိုင် တယောက်ကွင်းလုံးကျွတ်လွတ်သွားခဲ့သည်။

"ဆေးသုံးတဲ့လက္ခဏာတွေလည်းတွေ့တယ်။ အနည်း ဆုံးတော့ အဲဒါနဲ့ ငြိရင်တောင် ငါးနှစ်ချရမှာ။ ဒါပေမယ့် သူ့မှာရောဂါတွေပြပြီး ဆရာဝန်ဆေးလက်မှတ်တွေနဲ့ ဒီဆေးတွေသုံးစွဲမှီဝဲနေရတာကြောင့် ဒီလက္ခ ဏာတွေပြတာပါဆိုပြီး အဲ့အမှုကနေ လွတ်တယ်။အရင်ကစွဲတဲ့ တရားခံပြေးအမှုကလည်း သက်သေတွေက မရှိတော့ဘူးဆိုတော့ နှစ်ပတ်အတွင်းမှာ အမှုစွဲမတင်နိုင်တော့ တရားသေလွှတ်လိုက်တယ်" ဟု အတွင်းသိဌာနဆိုင်ရာအရာရှိတဦးက ပြောသည်။

ယင်းအချိန်က ဒေါ်ကိုင်နှင့်ဆက်နွယ်ပတ်သက်သော စိတ်ကြွဆေးပြား သုံးသိန်းကျော်ကိုလည်း သိမ်း ဆည်းနိုင်ခဲ့သလို လွှတ်တော်သို့အချက်အလက်နှင့်တကွ တင်ပြခဲ့သော်လည်းအကြောင်းမထူးခဲ့ကြောင်း ဦးတင်စိုးက ဝန်ခံပြောဆိုထားသည်။

" ရာမအပြားသုံးသိန်းလုံး၊ ဖိုး(ဘိန်း)တွေရော ဘာတွေရောပေါ့ဗျာ။ အများကြီးမိတဲ့ဟာ နောက်ပိုင်းကျတော့ ဒီလိုပဲ၊ သူက တိုက်ရိုက်တရားခံမဟုတ်ဘဲပတ်သက်ဆက်နွယ်တရားခံသဘောမျိုးပဲဖြစ်သွားတာပေါ့ဗျာ" ဟု ဆိုသည်။

အထက်ပါ ဖြစ်ရပ်က ဒေါ်ကိုင်နှင့်အခွင့်အာဏာကိုင်သူများကတဖက်၊ ဒေသတွင်း မူးယစ်ဆေးဝါးလမ်း‌ ကြောင်းကို ဖြတ်တောက်လိုသူများကတဖက် အား ပြိုင်ခဲ့ကြသည့် ဒုတိယမ္မိဖြစ်ရပ်။ ပထမတကြိမ်က စစ်အာဏာရှင်၏ ခေါင်းကိုင်ဖခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ဖြစ်ခဲ့သည်။ 

လွန်လေခဲ့ပြီးသော ၂၀၀၀ ပြည့်နှစ်က ဖြစ်သည်။ ဖားကန့်မြို့ နယ်၊ လုံးခင်းအုပ်စု၊အောင်ရာရပ်ကွက်မှ ဒေါ်ကိုင် ၏အိမ်ကို ကချင်နှစ်ချင်းအသင်းတော်အဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။‌ ဒေါ်ကိုင်နှင့်အတူ မူးယစ်ဆေးမျိုးစုံကားနှစ်စီးတိုက်စာ ဖမ်းမိသည်ဟု ယင်းအချိန်ဖမ်းဆီးစဉ်ကပါဝင်ခဲ့သူ ကိုဇော်ရမ်း (အမည်လွှဲ)က ပြောသည်။

" လင်ခရူစာတစီးနဲ့ အပြည့်အပြင် မြေအောက်ခန်းထဲမှာ ဖွက်ထားတာတွေကို အသင်းတော်ကားနဲ့တိုက်ယူလာရတာ" ဟု ဆိုသည်။

အဆိုပါမူးယစ်ဆေးဝါးများကို အောင်ရာရွာစာသင် ကျောင်းနှင့် ကချင်နှစ်ချင်းအသင်းတော်ရုံးရှေ့တွင် စုပုံပြီး မီးရှို့ဖျက်ဆီးရန် ပြင်ဆင်နေစဉ် စစ်တပ်မှ တပ်မမှူးဆိုသူ  ရောက်လာသည်။

" တပ်မမှူးဆိုတဲ့ကောင်ရောက်လာတယ်။ မီးရှို့မယ်ဆိုတာကိုအရှို့မခံဘူး။ နောက်ဆုံးတော့ သူတို့ပဲယူ သွားပြီး လူပါ တခါတည်းခေါ်သွားတယ်" ဟု ကိုဇော်ရမ်းက ပြောသည်။

ထိုနောက်ပိုင်းတွင် ဒေါ်ကိုင်ကို ဖားကန့်ရဲစခန်းအချုပ်ထဲတွင် အဲကွန်းဆင်ပေးပြီး ယာယီထိန်းသိမ်းခဲ့ကြောင်း၊ များမကြာမီ နေအိမ်သို့ပြန်ရောက်‌ကြောင်း ၂၀၀၀ ပြည့်နှစ်ဖြစ်စဉ်ကိုသိမီသူများကဆိုသည်။ မူးယစ်ဆေးဝါးသည် အမျိုးသားရေးအန္တရာယ်ဟု ဝါဒဖြန့်ကြွေးကြော်ခဲ့သည့် စစ်အစိုးရက ကားနှစ်စီးတိုက်စာ မူးယစ်ဆေးဝါးများသို‌လှောင်ထားရာ အိမ်ပိုင်ရှင် ဒေါ်ကိုင်ကို ဥပဒေအတိုင်းတိတိကျကျအရေး ယူခြင်းမရှိခဲ့ပေ။ဆယ်စုနှစ် နှစ်စုအတွင်း ထိပ်တ်ိုက်တွေ့ဆုံမှု နှစ်ကြိမ်စလုံးတွင် ဖားကန့်လူ့အဖွဲ့ အစည်းကို  ဒေါ်ကိုင်က အလဲထိုးခဲ့သည်။ 

ဖားကန့်၌ နယ်ပေါင်းစုံမှလာသည့် ရေမဆေးကျောက်ရှာဖွေသူ နှစ်သိန်း‌ကျော် ရှိသည်။ လူမျိုးစုံ၊ အလွှာမျိုးစုံဖြစ်သည်။ သူဌေးလောင်းအိပ်မက်ဖြင့် ရောက်လာသူများရှိသလို ပြဿနာမျိုးစုံဖြင့် ခြေရာဖျောက် ရောက်လာသူများလည်းရှိသည်။ အများစုသည် မှတ်ပုံတင်မရှ်ိ။ လူမျိုးစုံ၊ ပြဿနာမျိုးစုံထမ်းထားရသော ရတနာမြေ၏ဝန်ကို လျှော့ချနိုင်ရန် ဒီချုပ်အစိုးရလက်ထက်တွင် ရေမဆေးကျောက်ရှာဖွေသူများအားလုံး မှတ်ပုံတင်ပြုလုပ်ရေး စီမံချက်အသက်သွင်းခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပါ။ လိုင်စင်မဲ့ကားများလိုပင် လိုင်စင်မဲ့လူများသည် ဖားကန့်မှော်ရုံတောတွင် မျောချင်တိုင်းမျောနေခဲ့သည်။ ထိုလူသားအရင်းအမြစ်ထုထည်ကြီးသည် ဒေါ်ကိုင်တို့လို လောဘသားများ၏ မူးယစ်ကျော့ကွင်းအတွင်း သက်ဆင်းကြရသည်။ လွှတ်တော်၌ဦးတင်စိုးတင်ပြ‌ဆွေးနွေးခဲ့စဉ်က  ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါးများကို ခွင့်ပြုချက် ရရှိထားသကဲ့သို့ ဈေးတန်းခင်း ရောင်းချနေပြီး ရေမဆေးကျောက် ရှာဖွေသူလုပ်သား ၈၀,၀၀၀ ခန့်သည် ဆေးစွဲနေ သည်ဟု ဖွင့်ချအသိပေးသွားခဲ့ဖူးသည်။ 

စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့များ၊ ဌာနဆိုင်ရာများ၏ အရိပ်အာဝါသအောက်မှဒေါ်ကိုင်ကတော့ တနေ့ထက်တနေ့ ပိုပြီး တန်ခိုးထွားလာသည်။ လုံးခင်းမှသည် ဆယ်ဇင်းရွာသို့ မူးယစ်ဆေးအင်ပါယာ ချဲ့ထွင်ခဲ့သည်။

- စစ်အာဏာရှင်၊ ဒေါ်ကိုင်နှင့်ဆယ်ဇင်းရွာ

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်နယ်စပ်တနေရာတွင် ပတ်ခွေစီးဆင်းနေသော နမ့်ပုတ်ချောင်းက ဆယ်ဇင်းရွာကို ဖြတ်သန်းစီးဆင်းသည်။ ဆယ်ဇင်းရွာသည် ဖားကန့်မြို့နယ်၊ဟောင်ပါးကျေးရွာအုပ်စုတွင်ပါဝင်သည်။ ဟောင်ပါးကျေးရွာအုပ်စုတွင် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA၊PDF ပူးပေါင်း တပ်၊ စစ်တပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA) ပူးပေါင်းတပ်က ခြေကုပ်ယူထားသလို ဆယ်ဇင်းရွာသည် ဒေါ်ကိုင်ကြီးစိုးထားသည့် ရွာဖြစ်သည်။ အိမ်ခြေ ၁,၀၀၀ခန့်ရှ်ိပြီး အနယ်နယ်အရပ်ရပ်မှ လာပြီး ရွှေတူးနေကြသူများအပါအဝင်  လူဦးရေ ထောင်ချီရှိသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရလက်ထက်တွင် ပန်းပန်နိုင်ခဲ့သလို ဒီမိုကရေစီအစိုးရလက်ထက်ဖိအားများကို ကွင်းရှောင်နိုင်ခဲ့သည့် ဒေါ်ကိုင်က အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်လည်း အောက်ပါအတိုင်း အစွယ်တငေါငေါ ထုတ်ပြခဲ့ပြန်သည်။

ဆယ်ဇင်းရွာတွင် KIA၊PDF ပူးပေါင်းတပ်က စစ်ရေးလှုပ်ရှားနေသည်ဟုဆိုကာ စစ်တပ်နှင့်SNAပူးပေါင်းတပ်က၂၀၂၂ ခုနှစ်၊ဩဂုတ်လ ၇ ရက်တွင် မီး လောင် တိုက်သွင်းခဲ့သည်။အတည်မပြုနိုင်သောစစ်ရင်းများအရ လူတရာကျော်ကို စစ်တပ်နှင့်SNA ပူးပေါင်းတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နန့်ပုတ်ချောင်းအတွင်းမျောချပစ်လိုက်သည်ဟု ဒေသခံများကပြောသည်။ အိမ်အလုံးရေ ၄၀၀ ကျော် မီးလောင်ပြာကျခဲ့သည်။ တရွာလုံး ထွက်ပြေးခဲ့ကြရသည်။ထို‌နေ့က  ဒေသခံများ ပြေးရင်းလွှားရင်းတွေ့ရသည့်မြင်ကွင်းတခုက ဒေါ်ကိုင်ကို မူလလက်ဟောင်းဒေါ်ကိုင်အဖြစ် သက်သေထူပြနေသည်။စစ်ကောင်စီတပ်သားများနှင့် SNA အဖွဲ့ဝင်များကို သူ့အိမ်သို့ ခေါ်၍ ထမင်းကျွေးနေသည့် မြင်ကွင်းဖြစ်သည်။ ထိုမြင်ကွင်းကို တသက်မမေ့ဟု ဆယ်ဇင်းဒေသခံအမျိုးသားတဦးကပြောသည်။

ဆယ်ဇင်းရွာဒေသခံ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နွေဦးကတည်းက  နေရပ်သို့ ပြန်လည်အခြေချရန်ကြိုးစားခဲ့ကြသည်။ အိမ်ခြေရာချီမီးလောင် ပြာကျခဲ့သောကြောင့် အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့သည့် ဒဏ်ရာဗလပွနှင့် ရွာကြီးဖြစ်နေသည်။ဒေသခံများ၏  လောင်မီးကျအိမ်များ ပြန်မဆောက်နိုင်သေးသော်လည်း ဒေါ်ကိုင်၏ဖိုးခန်းများကတော့ ဆေးစွဲနေသူအချို့နှင့်အတူ  နန့်ပုတ်ချောင်းဘေး၌ အသက်ဝင်နေပြီဖြစ်သည်။

" ဒေါ်ကိုင်လည်း အဆင်ပြေတယ်။ ဖိုးခန်းတွေလည်း ပြန်ဖွင့်နေပြီ။ ပြည်သူတွေသာ ငတ်နေတာပါ"ဟု ဆယ်ဇင်းဒေသခံတဦးက ဩဂုတ်လနှောင်းပိုင်းတွင် ပြောသည်။

အချိန်ကာလယန္တရားသည် တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ။ဒေါ်ကိုင်အကြောင်း လွှတ်တော်တင်ပြဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ပင် အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ထောင်နန်းစံခဲ့ရသည်။ဒေါ်ကိုင်လည်း တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ။ယခုဆောင်းပါးအတွက် ဒေါ်ကိုင်ကိုဆက်သွယ်ရန် နည်းမျိုးစုံကြိုးစားခဲ့သော်လည်း မရခဲ့ပါ။ လူမြင်ကွင်းသို့ မထွက်ဘဲ သိုသိုသိပ်သိပ်နေတတ်သည့်‌ ဒေါ်ကိုင်ကို ပြီးခဲ့သည့် မတ်လက နောက်ဆုံးတွေ့ခဲ့ရပြီး မူးယစ်ဆေး ရောင်းနေဆဲဟုဆယ်ဇင်းရွာဒေသခံတဦးက   ဆိုသည်။ဒေါ်ကိုင်သည် အလွန်ချမ်းသာနေပြီး  ဆယ်ဇင်း၊ ဖားကန့်၊လုံးခင်းအပြင် မန္တလေးမြို့ ၌လည်း နေအိမ်၊တိုက်ခန်းအချို့ရှိပြီး ဆွေးမျိုးသားချင်းများ၏ အမည်ဖြင့် လွှဲပြောင်းပေးထားသည်ဟု ၎င်းအား စောင့်ကြည့်လေ့လာနေသော ဖားကန့်ဒေသခံတက်ကြွလှုပ်ရှားသူအချို့ကပြောသည်။ လူကြီးရောဂါဖြင့် ကျန်းမာရေးချူချာနေပြီဟုလည်း သတင်းသဲ့သဲ့ကြားရသည်ဟု ဆိုကြသည်။

ဘဝတကွေ့တွင် အကြောင်းဆုံခဲ့ဖူးသည့် ရဲမှူးဇော်ထိန်ကမူ ဒေါ်ကိုင်ကို ဘယ်တော့မှ ပေါ့မတွက်ရဲဟု ပြောပြီး ယခုလို မှတ်ချက်ပြုသည်။

" သူက တပည့်တပန်း‌တွေနဲ့ ဒီဂွင်က ကျွမ်းကျင်ပြီးသားဆိုတော့ ဆက်လုပ်နေမှာပါပဲ။ NLDခေတ်ကတောင် လက်လန်ခဲ့ရတာ။ အခုဆို တထီးတနန်းဖြစ်‌နေလောက်ပြီ" 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly