ရိုးမဖြတ်လမ်းရှိ စစ်ကောင်စီတပ်၏ ခါချဉ်တောင်ဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စီးနင်းမီးရှို့

By ရွှေနွယ် (မဇ္ဈိမ)
10 September 2023
ရိုးမဖြတ်လမ်းရှိ စစ်ကောင်စီတပ်၏ ခါချဉ်တောင်ဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စီးနင်းမီးရှို့

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ် ရိုးမဖြတ်လမ်းတွင်ရှိသော စစ်ကောင်စီတပ်၏ ခါချဉ် တောင်သစ်တောဂိတ်အား သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)မှ ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ခါချဉ်တောင်ဂိတ်၌ အထိုင်ချထားသော စစ်ကောင်စီတပ်၊ ရဲနှင့် သစ်တောဝန်ထမ်းများအား ကာကွယ်ရေးတပ်ဖွဲ့က ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်မှလည်း လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ပြီး အပြန် အလှန်ပစ်ခတ်ချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

ထို့နောက် စစ်ကောင်စီတပ်၊ ရဲနှင့် သစ်တောဝန်ထမ်းများဘက်မှ ပြန်လည်ခုခံပစ်ခတ်နိုင်စွမ်း မရှိတော့ သည့်အတွက် အားလုံး စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း ဆိုသည်။

“အဲ့ဒီစခန်းက ကတုတ်ကျင်းတွေနဲ့ အခိုင်အမာရှိနေတာပါ။ ကျွန်တော်တို့ဘက်က ဗျူဟာကောင်းသွား တာပေါ့။ လက်နက်ကြီးတွေနဲ့ ဝိုင်းပြီး ချိန်ကိုက်ပစ်ကြတာဆိုတော့ သူတို့ဘက်က အထိအခိုက် ရှိကောင်း ရှိနိုင်ပါတယ်။ ညဘက်လည်းဖြစ်နေတော့ ထိခိုက်သေဆုံးကို အတည်ပြုမရသေးဘူး” ဟု PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။

စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စခန်းကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်းလည်း ပြောသည်။

ခါချဉ်တောင်ဂိတ်စခန်းသည် မြောက်ဇာမရီသစ်တောကြိုးဝိုင်းအတွင်းတည်ရှိကာ စစ်ကောင်စီတပ်သား ၂၀ ခန့် အထိုင်ချလေ့ရှိပြီး ပဲခူးရိုးမအတွင်းမှ သစ်ခိုးထုတ်သယ်ယူနေသည့် သစ်ကားများ၊ ဆိုင်ကယ်များကို ငွေကြေးကောက်ခံ၍ စစ်ကောင်စီအတွက် ငွေကြေးရှာဖွေပေးနေသည့် ဂိတ်ဖြစ်သည်။

သစ်တောဂိတ်ဖြစ်သည့်အတွက် ရဲနှင့် သစ်တောဝန်ထမ်းများ နေထိုင်လေ့ရှိကြောင်း လည်းသိရသည်။

အဆိုပါဂိတ်၌အထိုင်ချလေ့ရှိသော စစ်ကောင်စီတပ်သားများသည် ရိုးမဖြတ်ကျော်လမ်းတွင် ဖြတ်သန်း သွားလာသည့် လမ်းသွားလမ်းလာပြည်သူများအား တားဆီးစစ်ဆေးကာ ဖုန်းနှင့် ငွေကြေးများကို သိမ်းယူ လေ့ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ရိုးမဖြတ်ကျော်လမ်းသည် ပဲခူးရိုးမအားဖြတ်ကျော်ကာ ပဲခူးတိုင်းအနောက်ခြမ်းနှင့် အရှေ့ခြမ်းကိုဆက် သွယ်ဖောက်လုပ်ထားသည့် ဗျူဟာလမ်းဖြစ်သည်။

စာတည်း။ ။စောဖေ

#ပဲခူးတိုင်း

#မင်းလှမြို့နယ်

#ခါချဉ်တောင်ဂိတ်

#ရိုးမဖြတ်လမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly