ရေစကြိုထွေအုပ်ရုံးကို မဟာမိတ်တပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး ၃ ဦးဒဏ်ရာရ

By ဓါတု (မဇ္ဈိမ)
10 September 2023
ရေစကြိုထွေအုပ်ရုံးကို မဟာမိတ်တပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး ၃ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အထိုင်ချတပ်စွဲထားသည့်  စစ်ကောင်စီတပ်သားများအား  ယမန်နေ့ စက်တင်ဘာလ၉ရက် ည၇နာရီခန့်တွင်  ဒေသတွင်းညီနောင်မဟာမိတ်တပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး  သုံးဦးဒဏ်ရာရှိကြောင်း Myingyan Black Tiger (MBT)က ထုတ်ပြန်ထားသည်။

ရေစကြို မြို့လယ်ခေါင်ကရုံးကို ပစ်ခတ်ခဲ့တာ ထိခိုက်သေဆုံးမှုတွေကို ဖရဲသီး( စစ်ကောင်စီ သတင်းပေး) က အတည်ပြုပြောလို့ သိထားရတယ်။ ကျွန်တော်တို့ကိုလည်း တောက်လျှောက်ပြန်ပစ်တာ ကျွန်တော်တို့ဘက်ကတော့အထိအခိုက်မရှိဘူး"ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲက မဇ္စျိမကိုပြောသည်။

ဒဏ်ရာရရှိသူ သုံးဦးမှာ ရေစကြိုမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ ထွေအုပ်ရုံးတွင် စစ်သား၊ ရဲ နှင့် ပျူစောထီးအင်အား ၁၀၀ ကျော်နေထိုင်တပ်စွဲထားသည့်နေရာဖြစ်သဖြင့် Myingyan Black Tiger (MBT)နှင့်အတူ ညီနောင်မဟာမိတ်ဖြစ်သော N-YSOတပ်ဖွဲ့(ညီနောင်မဟာမိတ်တပ်ဖွဲ့)က ပြောက်ကျားနည်းဗျူဟာအားအသုံးပြု၍ ၄၀ မမ လက်နက်ကြီး နှစ်လုံးနှင့် လက်နက်ငယ်၊ လက်လုပ်သေနတ်များဖြင့်  ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်မိုက်ခဲကဆိုသည်။

ယင်းတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ဖောကား နှစ်စီးဖြင့် လာရောက် အင်အားတိုးချဲ့ထားပြီး ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက်တွင် ရေစကြိုမြို့ ထင်းတန်းရပ်ကွက်အား စစ်ကြောင်းထိုးမည်ဟုသတင်းရရှိထားကြောင်း၎င်း၏ပြောကြားချက်အရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရေစကြိုထွေအုပ်ရုံး
#မဟာမိတ်တပ်ဖွဲ့တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly