စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကျောင်းဆရာနှင့် ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသား ၃ ဦးသေဆုံး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကျောင်းဆရာနှင့် ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသား ၃ ဦးသေဆုံး

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာတဦးနှင့် ဆယ်ကျော်သက်ကျောင်းသူ ကျောင်းသား သုံးဦးသေဆုံးခဲ့သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၇ ရက်၊ နံနက် ၆ နာရီ ၃ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးအုပ်စုအတွင်းရှိ ထီးဂေါ်ထာကျေးရွာအတွင်းသို့ လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာနှင့်ကျောင်းသူကျောင်းသား လေးဦး သေဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မူတြော်ခရိုင်က ဆိုသည်။

 သေဆုံးသူ လေးဦးမှာ ၅၆ နှစ်အရွယ် ကျောင်းဆရာ စောဖါးဒါး၊ ၁၄ နှစ်အရွယ်  ကျောင်းသားစောအယ်မူလား၊ ၁၆ နှစ်အရွယ်ကျောင်းသူ နော်ထီးခူဖေါ၊ ၁၃ နှစ်အရွယ်ကျောင်းသား စောဘိုကြီးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးတွင် ကိုးနှစ်အရွယ် ကျောင်းသား တဦးနှင့် ၂၄ နှစ်အရွယ်  ကျောင်းဆရာမတဦးလည်း ပါဝင်သည်ဟု မူတြော်ခရိုင်က ထုတ်ပြန်သည်။

ထို့ပြင် စက်တင်ဘာ ၈ ရက် နေ့လယ် ၁၂ နာရီတွင် အကြမ်းဖက် စစ်ကောင်စီ လေတပ်မှ ခလယ်ထာနှင့် တာခဲဒဲကျေးရွာတွင် သုံးကြိမ်နှင့်ဂယ်ယူဒဲကျေးရွာတွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိတိ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း မူတြော်ခရိုင်က ဆိုသည်။

 အလားတူ စက်တင်ဘာ ၆ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ လူသောမြို့နယ်၊ လယ်မူပလောနှင့် ခေးပူအုပ်စုအတွင်းရှိရွာနှစ်ရွာဖြစ်သည့် သေသူးခီးနှင့် ကော်ရော်ဘောထာတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးဆန်၊ စက်သေနတ်အကြီးစားဖြင့် လာရောက်ကြဲချ၊ ပစ်ခတ်ခဲ့သည်။

 သေသူးခီးရွာအားဗုံးဆံ သုံးလုံးကြဲချကာ အကြီးစားစက်သေနတ် (အော်လီဂန်း)ဖြင့်ပါ ပစ်ခတ်ရာ ၄၅ နှစ်အရွယ် စောရှီးမူးအား ထိမှန်ဒဏ်ရာရရှိသွားကာ အိမ်‌ခြေ လေးလုံးပျက်စီးခဲ့ကြောင်း၊ ကော်ရော်ဘာထာတွင်မူ နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ အိမ်ခြေ ခြောက်လုံးနှင့် ဘုရားကျေင်းတကျောင်း၊ ဝတ်ပြုဆုတောင်းရာနေရာတနေရာနှင့် စာသင်ကျောင်းတကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required