ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးရောဂါ အဆိုးရွားဆုံး ဖြစ်ပွားမှုနှင့် ကြုံတွေ့နေဟု WHO ပြော

ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးရောဂါ အဆိုးရွားဆုံး ဖြစ်ပွားမှုနှင့် ကြုံတွေ့နေဟု WHO ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မှတ်တမ်းမှတ်ရာများအရ အပြင်းထန်ဆုံးသော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာ ၆ ရက်တွင် ပြောကြားသည်။

တစိတ်တဒေသအားဖြင့် ရာသီဥတု ပြောင်းလဲမှုက ခြင်မှတဆင့် ကူးစက်ဖြစ်ပွားသည့် ယင်းကဲ့သို့ ရောဂါများ ကူးစက်ပျံ့နှံ့ခြင်းအတွက် အကြောင်းခံလျက် ရှိသည်ဟု WHO က ပြောသည်။

ကမ္ဘာ့ ရှစ်နိုင်ငံမြောက် လူဦးရေ အသိပ်သည်းဆုံး နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တွင် ပြီးခဲ့သည့် ဧပြီလ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု စတင်ပြီးကတည်းက သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၁၃၅,၀၀၀ ကျော်နှင့် သေဆုံးသူ ၆၅၀ ဦး ရှိခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောသည်။

အဆိုပါ နိုင်ငံတွင် ဩဂုတ်လ တလတည်းမှာပင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၃၀၀ ကျော် ရှိခဲ့သည်ဟု WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က အွန်လိုင်း သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။

“ဒီရောဂါ ဖြစ်ပွားမှုက ကျန်းမာရေးစနစ်အပေါ် ကြီးမားတဲ့ ဖိအားတွေ ကျရောက်စေလျက် ရှိတယ်” ဟု ၎င်းက ပြောသည်။

မြို့တော် ဒါကာတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု စတင် ကျဆင်းနေသော်လည်း နိုင်ငံ၏ တခြားသော နေရာဒေသများတွင် မြင့်တက်လျက် ရှိကြောင်း ၎င်းက ပြောသည်။

WHO အနေဖြင့် ဘင်္ဂလားဒေ့ရှ်တွင် ကျွမ်းကျင်ပညာရှင်များ စေလွှတ်ဖြန့်ကြက်ထားသလို စောင့်ကြည့်လေ့လာမှု အားကောင်းစေရန်၊ ဓာတ်ခွဲခန်း လုပ်နိုင်စွမ်း မြှင့်တင်ရန်နှင့် ထိခိုက်ခံ လူအစုအဖွဲ့များနှင့် ဆက်သွယ်ချိတ်ဆက်မှု တိုးမြှင့်ရန် သက်ဆိုင်ရာနိုင်ငံ၏ အာဏာပိုင်များကို ထောက်ကူပံ့ပိုးလျက် ရှိသည်။

သွေးလွန်တုပ်ကွေးသည် အပူပိုင်းဒေသဧရိယာများတွင် ဖြစ်ပွားလေ့ ရှိသည့် ရောဂါတမျိုး ဖြစ်ပြီး ယင်းရောဂါကြောင့် အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်းနှင် ကြွက်သား နာကျင်မှုတို့ကို ဖြစ်စေပြီး အပြင်းထန်ဆုံး ဖြစ်ပွားမှုများတွင် လူ့အသက်သေစေသည်အထိ ဖြစ်စေနိုင်သည့် ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်းတို့အထိ ဖြစ်စေတတ်သည်။

သွေးလွန်တုပ်ကွေးအပြင် ချင်ကန်ဂူညာ၊ yellow fever နှင့် ဇီကာ ကဲ့သို့ ခြင်သယ်ဆောင်သည့် ဗိုင်းရပ်စ်များကြောင့် ဖြစ်စေသည့် အခြားရောဂါများသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ပိုမို မြန်ဆန်စွာနှင့် ပိုမို အလှမ်းဝေးစွာ ကူးစက်ပျံ့နှံ့လျက် ရှိသည်ဟု WHO က သတိပေးသည်။

Bangladesh hit by worst dengue outbreak on record, says WHO
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly