စစ်အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်အမူအကျင့်များ ပေါ်ထွက်လာပါက ပြတ်ပြတ်သားသား အရေးယူမည်ဟု NUG ယာယီသမ္မတပြော

By 002
07 September 2023
စစ်အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်အမူအကျင့်များ ပေါ်ထွက်လာပါက ပြတ်ပြတ်သားသား အရေးယူမည်ဟု NUG ယာယီသမ္မတပြော

စစ်အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်အမူအကျင့်များ ပေါ်ထွက်လာပါက ပြတ်ပြတ်သားသား အရေးယူမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

" တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြ တဲ့သူတွေကို အထူးသတိပေးလိုတာက စစ်အာဏာရှင်ကို ဆန့်ကျင် နေပါလျက်နဲ့ ကျနော်တို့ ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရက်တွေကို မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ စစ်အာဏာရှင်ရဲ့ အမူအကျင့်တွေ အတွေးအခေါ်တွေ ရှိလာရင်လည်း ခြေမ မကောင်းခြေမ၊ လက်မမကောင်းလက်မ ပြတ်ပြတ်သားသားဖယ်ထုတ်ရမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

အစိုးရဆိုသည်မှာ လူထုကို ဝန်ဆောင်မှုပေးရခြင်းဖြစ်ပြီး လူထုအသံကို အမြဲမပြတ် နားထောင်နေရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများ စနစ်တကျရှိရန်လည်း အင်မတန်အရေးကြီးသည်ဟု ယာယီသမ္မတက ပြောသည်။

" ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့( ပကဖ)နဲ့ တရားရေးမဏ္ဍိုင်များမှာ တာဝန်ယူလုပ်ဆောင် နေကြတဲ့ ရဲဘော်များကို တိုက်တွန်းချင်တာက ရဲဘော်တို့အနေနဲ့ လူထုအသံကိုအနီးကပ်ဆုံး နားထောင်ကြပါ။ ပြည်သူကို ဝန်ဆောင်မှု ပေးနေရတဲ့ အုပ်ချုပ်မှုယန္တရားကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြပါ။ ကျနော်တို့ဟာ ပြည်သူကိုဝန်ဆောင်မှု ပေးရတဲ့ ပြည်သူ့ဝန်ထမ်းများဖြစ်တယ်ဆိုတာကို အမြဲသတိချပ်ပြီး ပြည်သူများအပေါ် ဝန်ပိဝန်လေးစေမယ့် လုပ်ရက်တွေကို မလုပ်မိဖို့ ပြည်သူလူထုကို ထိခိုက်နစ်နာအောင် မလုပ်ကြဖို့ ကျနော်အထူး တိုက်တွန်းလိုပါတယ်" ဟု ၎င်းကပြောသည်။

စစ်ကောင်စီကိုတော်လှန်ရာတွင် Change of commend တခုတည်းအောက်တွင် စုစည်းညီညွတ်စွာ ရှိရမည်ဖြစ်ပြီး တော်လှန်ရေးရဲဘော်များအနေဖြင့်လည်း စည်းကမ်းကျင့်ဝတ်များကို လည်း လေးစားလိုက်နာရန်လိုအပ်ကြောင်းယာယီသမ္မတက ပြောသည်။

" စစ်ကောင်စီကို တိုက်ထုတ်ဖို့ Change of commend တခုတည်းအောက်မှာ စုစည်းညီညွတ်စွာရှိကြပြီး တော်လှန်ရေး အောင်ပွဲပန်းတိုင်ကို အရယူကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်" ဟု ယာယီသမ္မတက ပြောသည်။

စစ်ရေးနှင့်ပတ်သက်ပြီး စစ်ဗိုလ်ချုပ်များ အလုံခြုံဆုံးဟု ယူဆကြသည့် နေပြည်တော်ကဲ့သို့ နေရာမျိုးမှာပင် ခြိမ်းခြောက် လာနိုင်ပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို စစ်ရေးသာမက နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများတွင်လည်း တိုက်ခိုက်နေသည်ဟု ယာယီသမ္မတက ပြောသည်။
ပြည်သူ့ခုခံတော်လှန်စစ် ရှင်သန်ရပ်တည်နိုင်ရေးမှာ မဟာမိတ် တိုင်းရင်းသားများ၏ ထောက်ကူမှုများကြောင့်ဖြစ်ပြီး အထူးကျေးဇူးတင်ကြောင်း ၎င်းက ဆက်ပြောသည်။

" အောင်မြင်မှုတွေရယူနိုင်တာ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ စစ်ရေး၊ နိုင်ငံရေးအဖက်ဖက်ကနေ လက်တွဲကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံနဲ့ စွမ်းရည်များ ပံ့ပိုးကူညီမှုတွေက အင်မတန်အရေးကြီးတဲ့ကဏ္ဍမှာရှိပါတယ်။ ဒီကနေ့အချိန်မှာ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ မဟာဗျူဟာကျကျ ရင်ဆိုင်တိုက်ခိုက်နိုင်တာဟာ တိုင်း ရင်းသားလက်နက်ကိုင်များရဲ့ စစ်ရေးလေ့ကျင့်ပေးမှု၊ လက်နက် တပ်ဆင်ပေးမှုတွေကနေ ရရှိလာတဲ့ တန်ဖိုးတွေပဲ ဖြစ်ပါတယ်။ ဒီလိုခမ်းနားလှတဲ့တန်ဖိုးတွေကို ကျနော်တို့ လေးနက်စွာ အသိအမှတ်ပြုပြီး အမြဲတမ်းဂုဏ်ယူနေမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

တော်လှန်ရေးပန်းတိုင်မှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို အပြီးအပိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်နိုင်ငံတော် တည် ဆောက်ရေးဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

" ပန်းတိုင်ကို ရောက်ဖို့ ကျနော်တို့အားလုံးကျောချင်းကပ်ပြီး အတူတကွ တိုက်ပွဲဝင်သွားကြဖို့ လေးနက်စွာတိုက်တွန်းတောင်းဆို လိုပါတယ်" ဟု ၎င်းကပြောသည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required