ရခိုင်ပြည်နယ်ဖွံ့ဖြိုးရန် အိန္ဒိယအစိုးရမှ သီးသန့်ကူညီသွားမည်

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရန် အိန္ဒိယအစိုးရမှ သီးသန့်ကူညီသွားမည်

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံမှ သီးသန့်ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr. Gautam Mokhpadhay က ယနေ့ ဧပြီ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်တွေမြို့နယ်ရှိ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

"ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံက သီးသန့်အစီအစဉ်နဲ့ စီမံကိန်းတွေ ရေးဆွဲထားတာရှိပါတယ်။ ကျောက်ဖြူမှာ လျှပ်စစ်မီးရရှိဖို့ကိစ္စတွေ၊ ရခိုင်ပြည်နယ်ရဲ့ ဆေးရုံများအတွက် လိုအပ်တဲ့ ဆေးဝါးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေအတွက် လောလောဆယ်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့
နားလည်မှုစာချွန်လွှာ ရေးထိုးပြီးလည်း ဖြစ်ပါတယ်။" ဟု အိန္ဒိယသံအမတ် Mr.Gautam Mokhpadhay က ပြောသည်။

အိန္ဒိယနိုင်ငံသည် ရခိုင်ပြည်နယ်တွင် အမေရိကန် ဒေါ်လာ ဘီလီယံ ၂၅၀ နီးပါး ရင်းနှီးမြုပ်နှံထားသော နိုင်ငံတစ်ခုဖြစ်ကြောင်းလည်း သံအမတ်က ပြောသည်။

ကနဦး ထောက်ပံ့မှုအဖြစ် အောက်စီဂျင် စက်ပစ္စည်းနှင့် အဆောက်အဦ၊ ဆေးကုသလူနာဆောင်၊ ခွဲစိတ်ခန်းမကြီးများအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးညီပုက " ရခိုင်ပြည်သူလူထုတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် စက်ပစ္စည်းတွေ လှူဒန်းမှုကို အရမ်းကျေးဇူးတင်ရှိသလို နောက်ထပ် ထောက်ပံ့မှုများအတွက်လည်း နှစ်ဖက် သဘောတူ စာချူပ်တွေ ရေးထိုးပြီး ဖြစ်ပါတယ်။ ဒါဟာ မြန်မာ-အိန္ဒိယချစ်ကြည်ရေးလုပ်ငန်းစဉ်အဆင့်ကပဲ သွားတာပါ" ဟု ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံ၏ ၁၉၈၈ ခု ဒီမိုကရေစီ အုံကြွမှုဘက်မှ ရပ်တည်ကူညီခဲ့ပြီး ၁၉၉၂ ခုတွင် မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်ချရေး အထိပင် တောင်းဆိုခဲ့ဖူးသည့် နိုင်ငံတစ်ခုဖြစ်သည်။

ယင်းအပြင် နှစ်နိုင်ငံနယ်စပ် အရှည် မိုင် ၉၉ဝ ကျော်အတွင်း အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင်နေသည့် အရှေ့မြောက် ပြည်နယ်သူပုန်များကို ပူးပေါင်းနှိမ်နင်းရေး၊ မူးယစ်ဆေး တိုက်ဖျက်ရေး၊ စီးပွားရေး ကိစ္စများကို  အဓိက ဆောင်ရွက်နေသည့် အိမ်နီးချင်းများ ဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags