လျော့ကျလာတဲ့ စပါးစိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ အတက်ဖက်သာ ဦးတည်နေတဲ့ ဆန်စျေး(ဆောင်းပါး)

By မင်းထက်၊ MTO (မဇ္ဈိမ)
06 September 2023
လျော့ကျလာတဲ့ စပါးစိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ အတက်ဖက်သာ ဦးတည်နေတဲ့ ဆန်စျေး(ဆောင်းပါး)

အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်မှုတွေကြားမှာ တောင်သူတွေရဲ့ စပါးစိုက်ပျိုးထုတ်လုပ်မှုက သိသိသာသာလျော့ကျလာနေပါတယ်။

စပါးအဓိကစိုက်ပျိုးကြတဲ့ လယ်သမားအများစုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးနှိပ်စက်ဒဏ်ကို တိမ်းရှောင်နေကြရခြင်းက လယ်ယာလုပ်ငန်းခွင်ကို ခြေဦးမလှည့်နိုင်ကြတော့ပါဘူး။

လတ်တလော စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေလို့ ဒေသခံတွေက လယ်ကွက်ထဲ ကောက်စိုက်နေရင်း အရေးပေါ် တိမ်းရှောင်နေကြရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းက စတင်ကာ ခင်ဦးမြို့နယ် တောင်ခြမ်းက ကျေးရွာတွေကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးနေချိန် ရုတ်တရက်စစ်ကြောင်းဝင်လာလို့ လယ်စိုက်နေရာက အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာကြရတာတွေလည်းရှိလို့ အခက်အခဲတွေဖြစ်နေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ကိုနေသူရ ဆိုပါတယ်။

“ရွာထဲကိုပစ်ခတ်ပြီး ဝင်လာတာပါ။ ကောက်စိုက် နေသူတွေ ပျိုးနုတ်နေသူတွေ ထွက်ပြေးကြရတာ။ မိသားစုတွေနဲ့လည်း တကွဲတပြားဖြစ်နေကြပါတယ်”လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက မဇ္ဈိမကိုပြောပါတယ်။

လက်ရှိစစ်ရှောင်နေကြသူတွေ တသောင်းနီးပါးရှိပြီး ထက်ဝက်က လယ်သမားတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ စပါးစိုက်ပျိုးဖို့အတွက် ရေခံမြေကောင်းတဲ့နေရာတွေဖြစ်လို့ စစ်ရှောင်နေရင်းကနေ စပါးစိုက်ပျိုးဖို့အတွက် ကြိုးစားကြတယ်လို့လည်း သိရပါတယ်။

လက်ရှိ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ ခမရ (၇၀၂ )နဲ့ (၇၀၈) ပူးပေါင်းစစ်ကြောင်းက ရွှေဘိုခရိုင်ထဲက ရွှေဘို ၊ ဒီပဲယင်း၊ ခင်ဦးမြို့နယ်အတွင်းကို လှည့်ပတ်  စစ်ကြောင်းထိုးတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကစလို့ ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၇၅ ရွာထက်မနည်း မီးရှို့ ခံထားရပြီး နေအိမ်အများဆုံးမီးရှို့ခံထားရတဲ့ မြို့နယ်တွေထဲက မြို့နယ်တခုလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက လယ်သမားတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း လယ်စိုက်တဲ့သူ ၂၅ ရာခိုင်နှုန်းခန့်ပဲ ရှိတော့တယ်လို့ ဝက်လက်မြို့နယ်က တောင်သူတဦး မဇ္ဈိမကိုပြောပါတယ်။

"အာဏာမသိမ်းခင်က ဧက ၁၀,၀၀၀ စိုက်ခဲ့တယ်ဆိုရင် အခု ဧက၂,၅၀၀ လောက်ပဲစိုက်နိုင်တော့တယ်။ ရိတ်သိမ်းချိန်ရောက်မှ စစ်ကြောင်းထိုးလာပြီး ထွက်ပြေးရလို့ ရိတ်သိမ်းချိန်ကျော်သွားတာတွေလည်းရှိတယ်"လို့ သူကပြောပြပါတယ်။

လက်ရှိ ဆန်စျေးနှုန်းတက်လာတဲ့အတွက် မိသားစုစားဝတ်နေရေး အကျပ်အတည်း သိသိသာသာခံစားလာနေရပြီလို့ ဆိုပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးဟာ ၂၀၂၁ ခုနှစ် အာ ဏာသိမ်းပြီးချိန်မှစကာ အလုံးစုံပျက်စီးသွားတာဖြစ်လို့ ဆန်ပြတ်လက်တဲ့ အခြေအနေတရပ် ဖြစ်လာနိုင်တယ်လို့ စစ်ကိုင်းတိုင်း NLD လွှတ်တော်ကိုယ်စားလှယ်တဦးက မဇ္ဈိမရဲ့မေးမြန်းတာကို ဖြေကြားထားပါတယ်။

"ပြည်သူလူထုပိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးနေတော့ အခြေအနေက ပိုဆိုးဖို့ပဲရှိတယ်။ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မြို့နယ်တော်တော်များများမှာ မီး ရှို့ဖျက်ဆီးခံရတဲ့အတွက် အကူအညီတွေလိုအပ်နေတာ"ဟု လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်သူတွေရဲ့ နေအိမ်တွေအပြင် ဝန်စာအတွက်ထားစားကြတဲ့ စပါးသိုလှောင်ရုံတွေကိုပါ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းက လယ်သမားတချို့ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာမှာ စပါးစိုက်ခင်းအထွက်တိုးဖို့အတွက် မြေဆီမြေဩဇာသွင်းအားစု စျေးနှုန်းတွေ အတက်ဖက်မှာပဲ ရှိနေတာဖြစ်ပြီး ဆက်ပြီး စျေးနှုန်းက အကျဘက်ကို ပြန်မရောက်ရင်တော့ စပါးစိုက်တောင်သူတွေ နည်းလာတော့မှာဖြစ်တယ်လို့ ပြောပြပါတယ်။

စိုက်ပျိုးထားတဲ့ စပါးစိုက်ခင်းတွေမှာ ဓာတ်မြေသြဇာ လုံလုံလောက်လောက် အသုံးမပြုနိုင်ဘူးဆိုရင် အထွက်နှုန်များ လျော့ကျမှာဖြစ်လို့ စပါးသစ်ပေါ်ချိန်မှာလည်း စပါးစျေး၊ဆန်စျေးမှာ ထင်သလောက်ကျတော့မှာ မဟုတ်ဘူးလို့ လယ်သမားတွေက သုံးသပ်ထားကြပါတယ်။

"အရင်က ပိုးသတ်ဆေးတပုံးကို ၂၀,၀၀၀ ကျော်လောက်ပဲရှိတာ၊ အခုက တို့ ၇၀,၀၀၀ ကျော် ဖြစ်သွားပြီလေ။ အခုက စပါးစျေးကောင်းတယ်ဆိုပေမယ့် လယ်ယာသုံးပစ္စည်းတွေက စျေးတက်ပြီး အထွက်ကျနေတော့ ဘာမှမထူးဘူး၊ မနှစ်က ဒီလယ် တစ်သိန်းမြတ်တယ်ဆိုရင်၊ အခုနှစ်လည်း တစ်သိန်းပဲမြတ်တယ်"ဟု လယ်သမားတဦးကပြောပါတယ်။

ယခင်နှစ်တွေက မိုးစပါးစိုက်ပျိုးဖို့အတွက် လယ်တဧကကို ဓာတ်မြေသြဇာ အနည်းဆုံး တအိတ်ခွဲ နှစ်အိတ်အထိအသုံးပြုရပြီး၊ နွေစပါးစိုက်ပျိုးဖို့အတွက် ဓာတ်မြေသြဇာ သုံးအိတ်ကနေ လေးအိတ်အထိ အသုံးပြုရတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကုန်စျေးနှုန်း မြင့်တက်နေတဲ့အတွက် လယ်ငါးဧကကို ဓာတ်မြေသြဇာ တအိတ်နှုန်း အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တောရော မြို့ပါ ဆန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေကြရပါပြီ။ လတ်တလော ဆန်နဲ့ဆီလိုအရာတွေကို စျေးနှုန်းချရောင်းပေးတာ၊ ဆန်၊ ဆီ၊ ဆား ဝေပေးနေတာတွေကို တွေ့နေရပါတယ်။ 

ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရတဲ့ ဒေသခံပြည်သူတွေကို စျေးနှုန်းလျှော့ချရောင်းပေးတာနဲ့ တဝက်စျေးရောင်းပေးနေတာတွေက ကွက်ကျားသာ ဆောင်ရွက်ပေးနိုင်တာဖြစ်လို့ အကျပ်ရိုက်နေကြတဲ့ ပြည်သူတွေအတွက် လွှမ်းခြုံမိတဲ့ ဖြေရှင်းနည်းတော့ မဟုတ်ဘူးလို့လည်း သုံးသပ်ထားကြပါတယ်။

"ဆန်လိုဒေသတွေကို အဓိကရောင်းနေတာပေါ့။ ရောင်းပေးနေတာ ပျမ်းမျှ အိတ်အကြီး နှစ်သိန်း၊ သုံးသိန်းဝန်းကျင်လောက်ရှိပြီ"လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မဇ္စျိမကိုပြောပါတယ်။

သက်သာသောဈေးနှုန်းနဲ့ ဆန်ရောင်းချပေးဖို့

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်းက တိုင်းနှင့်ပြည်နယ်အချို့မှာ ဧည့်မထဆန်အမျိုးအစား ဆန်တပြည်ကို ကျပ် ၂,၅၀၀ နှုန်းဖြင့်ရောင်းချနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းတို့မှာ ဒီလိုရောင်းချတာကို ပြုလုပ်နေတာဖြစ်ပြီး ကျန်ဒေသတွေမှာလည်း ရောင်းချပေးသွားမယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောပါတယ်။

"ဆန်တခုတည်း စျေးတက်တာမဟုတ်ပါဘူး၊ ရှိသမျှ အခြေခံစားသောက်ကုန် အားလုံးစျေးတက်နေတာပါ။ အခြားကုန်ပစ္စည်းတွေစျေးတက်ရင် လူတန်းစားအားလုံးအပေါ် မသက်ရောက်ပေမဲ့၊ အခြေခံစားသောက်ကုန်စျေးနှုန်းမြင့်တက်လာတာဟာ လူတန်းစားအားလုံးကို ထိခိုက်ပါတယ်။ ဒါဟာအာဏာသိမ်းမှုရဲ့ ဆိုးကျိုးတွေပါပဲ။ စစ်ကောင်စီအနေနဲ့ ဒါတွေကိုမဖြေရှင်းနိုင်ရင် မြန်မြန်လက်နက်ချလိုက်တာဟာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်ပါလိမ့်မယ်”လို့ ဧရာဝတီတိုင်း မအူပင်မြို့နယ်က ဆန်စက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်းမှာ ဆန်စျေးနှုန်း အဆမတန်မြင့်တက်လာတဲ့အတွက် စားဝတ်နေရေးပိုမိုကျပ်တည်းလာပြီး  စိုးရိမ်မှုတွေရှိလာနေပါတယ်။

ဆန်တပြည် ၂,၅၀၀ ကျပ်နှုန်းနဲ့ရောင်းချပေးနေတဲ့ တိုင်းနှင့်ပြည်နယ်တချို့မှာလည်း ဆန်ဝယ်သူသည့် အခြေခံလူတန်းစားများ တိုးကြိတ်နေတာကိုတွေ့လာရပါတယ်။

အာဏာသိမ်းမှုမဖြစ်ပွားခင်က အရပ်သားအစိုးရလက်ထက်မှာ ဆန်ကြမ်းတပြည် ၁,၅၀၀ ကျပ်ခန့်စျေးပေါက်ခဲ့ပြီး၊ ပေါ်ဆန်းဆန်တပြည် ၂,၅၀၀ ကျပ်ခန့် စျေးပေါက်ခဲ့ပါတယ်။

လက်ရှိမှာ ဆန်ကြမ်းတပြည်ကို ကျပ် ၄,၀၀၀ ကျော်နဲ့ ပေါ်ဆန်း တပြည်ကို ကျပ် ၆,၀၀၀ ခန့် စျေးပေါက်နေပြီး ဆန်စျေးနှုန်း နှစ်ဆကျော် ခုန်တက်သွားခြင်းဖြစ်တယ်လို့ ဧရာဝတီတိုင်းက ဆန်ကုန်သည်တချို့က မဇ္ဈိမရဲ့မေးမြန်းမှုကိုပြောပြလာပါတယ်။

ဒီလို ဆန်စျေးနှုန်းမြင့်တက်လာတဲ့အတွက်ကြောင့် ပြည်သူလူထုကြား ဝေဖန်မှု၊ စိုးရိမ်မှုများစွာဖြစ်ပေါ်နေချိန် ပြီးခဲ့တဲ့ရက်ပိုင်းက၊ ဆန်ဈေးနှုန်းများမြင့်တက်နေမှုအား ထိန်းချုပ်ဖို့အတွက် ပြည်ပကို ဆန်တင်ပို့ခွင့်လိုင်စင်အသစ်တွေ ထုတ်ပေးတာတွေကို ယာယီရပ်နားသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိတဲ့ကြောင်း ပို့ကုန်လိုင်စင်တွေကို ထုတ်ပေးလျက်ရှိပြီး၊ ဆန်တင်ပို့တာတွေကို ဥရောပ၊ အာရှ၊ အာဖရိက နိုင်ငံတွေကို တင်ပို့နေတယ်လို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မဇ္စျိမကိုပြောပါတယ်။

"ပြည်ပတင်ပို့ဆန်တွေက ဧည့်မထအုပ်စုနဲ့ ပေါင်းဆန်များ ဖြစ်ပါတယ်။ ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတင်ပို့မှုကိုသာ ပြည်တွင်းစားဆန်ဖြစ်လို့ ကန့်သတ်ထားပါတယ်။ လက်ရှိကတော့ Exporter တွေကို ဝယ်ယူစုဆောင်းထားမှုကို စနစ်တကျ စိစစ်ပြီးမှ Export လုပ်ခွင့်ပြုထားပါတယ်။ပေါ်ဆန်းကိုတော့ အရင်ကသွားတာအနည်းငယ်ရှိတယ်၊ အခုတော့ ခွင့်မပြုတော့ပါ"လို့ သူကဆိုပါတယ်။

သိုလှောင်မှုတွေ များလာပြီး စျေးကိုင်ရောင်းချတာတွေကြောင့် ဆန်စျေးကြီးနေခြင်းဖြစ်ပြီး အောက်တိုဘာမှာ စပါးသစ်ပေါ်ချိန်ဆို စျေးပြန်ကျမယ်လို့လည်း ဦးရဲမင်းအောင်က ဆက်လက်ပြောပြပါတယ်။

စပါးအသစ်ပေါ်ချိန်မှာ ဆန်ဈေးကျဖို့အလားအလာမရှိတဲ့အကြောင်း ဆန်ကုန်သည်တချို့ကသုံးသပ်ထားကြပါတယ်။ လယ်စိုက်ဧကနည်းလာတဲ့ အခြေအနေမျိုးမှာ ကြီးမြင့်လှတဲ့ ဆန်စျေးနှုန်းတွေကြား လုံးလည်လိုက်နေဦးမှာလို့ တောင်သူ တချို့က မှတ်ချက်ပြုထားကြပါတယ်။

စာတည်း- သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly