ရေနံချောင်းတွင်  စစ်ကောင်စီတပ်က ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီး 

By ရောင်နီ (မဇ္စျိမ)
06 September 2023
ရေနံချောင်းတွင်  စစ်ကောင်စီတပ်က ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီး 

မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုး ဖြင့် ဖမ်းဆီးနေကြောင်း ဒေသခံများက မဇ္စျိမကိုပြောသည်။

ဖမ်းဆီးမှုများကို ယာဥ်ထိန်းရဲများက စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ဆိုင်ကယ် များကို အကြောင်းအမျိုးမျိုးရှာကာ ဖမ်းဆီးစစ်ဆေးခြင်းအပြင် သိမ်းဆည်းခြင်းအထိပါ ပြုလုပ်နေ ကြောင်း သိရသည်။

“မကွေးက မော်တော်ပီကယ်တွေ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ရေနံချောင်းမြို့ထဲကို တပတ်နှစ်ခါဆင်းဖမ်း နေတာပါ။ လမ်းတွေမှာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး စစ်ဆေးရေးဂိတ်တွေချတယ်၊ တွေ့တဲ့ ဆိုင်ကယ်တွေ ကို အကြောင်းအမျိုးပြပြီး ဖမ်းနေတာ” ဟု ရေနံချောင်းမြို့ခံ အမျိုးသမီးတဦးက ပြောသည်။ 

ယာဥ်ထိန်းရဲများက ဆိုင်ကယ်များ၏ ဘီးခွန်၊ လိုင်စင်နှင့် ပိုင်ဆိုင်မှုအထောက်အထားများကို စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းအပြင် ၎င်းတို့ချမှတ်ထားသည့် နောက်တိုးစည်းကမ်းဖြစ်သည့် အမျိုး သားနှစ်ယောက် စီးနင်းသည့်ဆိုင်ကယ်များကို ဖမ်းဆီးနေကြောင်း ၎င်းက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင် ဆိုင်ကယ်မောင်းနှင်သူက ယာဥ်ထိန်းရဲ၏စစ်ဆေးချက်များ  ပြည့်စုံမှန်ကန်သည့် တိုင် အကြောင်းအမျိုးမျိုးပြကာ သိမ်းဆည်းသွားခြင်းများရှိသည့်အတွက် ဒဏ်ကြေးပေးဆောင်ကာ ပြန် လည်ရွေးယူနေရခြင်းများလည်းရှိကြောင်း သိရသည်။

“စစ်ဆေးတဲ့အချိန်မှာ ဆိုင်ကယ်မောင်းနှင်တဲ့သူမှာ ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင် အပြည့်အစုံရှိရင်တောင်  ဆိုင်ကယ်သိမ်းသွားလို့ ဒဏ်ကြေး ၁၀၀,၀၀၀ ဆောင်ပြီး ပြန်ရွေးခဲ့ရတာတွေရှိတယ်။ တချို့ ဆိုင်ကယ် တွေဆို သူတို့စစ်ဆေးတဲ့ အချက်အလက်အပြည့်အစုံမရှိလို့ ဒဏ်ကြေး ၃၀၀,၀၀၀ ပေးပြီး ပြန်ရွေးခဲ့ရတာ တွေလည်း ရှိတယ်။ ပြန်မရဘဲ လုံး၀သိမ်းဆည်းခံလိုက်ရတဲ့ ဆိုင်ကယ်တွေလည်းရှိတယ်”ဟု ဒေသခံတဦး က ပြောသည်။

ပြီးခဲ့သည့်  ရက်ပိုင်းကလည်း ရေနံချောင်းမြို့တွင် ဆန်အိတ်တင်ဆောင်မောင်းနှင်လာသည့် ဆိုင်ကယ် ကယ်ရီသမားကို စစ်ကောင်စီတပ်နှင့် ယာဥ်ထိန်းရဲများက ဖမ်းဆီးကာ  ဆိုင်ကယ်နှင့်အတူ ဆန်အိတ်ကိုပါ သိမ်းဆည်းသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

“ ဆိုင်ကယ်ကယ်ရီသမားဆို ဆန်အိတ်နဲ့အဖမ်းခံရတာ၊ ဆိုင်ကယ်ရော ဆန်အိတ်ရော အသိမ်းခံရတယ်။ ဘာမှလုပ်လို့မရဘူး၊ အကုန်သိမ်းတာ။ တော်တော်ဆိုးနေတယ်၊ အခုအခြေအနေက ဖမ်းချင်လို့ကို ဖမ်းနေ တဲ့သဘောမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

သိမ်းဆည်းခံရသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်က ၎င်းတို့၏ မိသားစုများထံ ပြန်လည်ရောင်းချ ပေးဝေမှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း ဒေသခံ များက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က ရေနံချောင်းမြို့မစျေးတွင် စျေး၀ယ်ပြီးပြန်လာသည့် ခလရ(၇၇)မှ အရပ်၀တ် စစ်ကောင်စီတပ်သားနှစ်ဦးကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မကွေးခရိုင် အမှတ် (၂)တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ရာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့သည်။

ယင်းနောက်တွင် စက်တင်ဘာလဆန်းမှစပြီး စစ်ကောင်စီတပ်က မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ် ကာ စစ်ဆေးမှုများလုပ်ဆောင်ခြင်း၊ ဆိုင်ကယ်များကို ဖမ်းဆီးစစ်ဆေးသိမ်းဆည်းခြင်းဖြင့် ဖိနှိပ်မှုများလုပ် ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly