စစ်ကောင်စီတပ်​၏ လက်နက်ကြီးထိမှန်၍ အသက် ၉ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး

By YT (မဇ္ဈိမ)
06 September 2023
စစ်ကောင်စီတပ်​၏ လက်နက်ကြီးထိမှန်၍ အသက် ၉ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး
ပုံအညွှန်း - သံတောင်မြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ယက်)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ အရပ်သား သားအဖနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

" သားဖနှစ်ယောက်ထိသွားတာ။ အိမ်လည်း ပျက်စီးတာပေါ့။ လက်နက်ကြီးတွေတော့ ရှယ်ကို ပစ်နေတာ" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က သံတောင်ကြီးမြို့နယ်၊ (၇) မိုင်ရှိ စစ်ကောင်စီတပ်စခန်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးထိမှန်ကာ ပျားစခန်းကျေးရွာမှ အသက် ကိုးနှစ်အရွယ် ကလေးငယ်တဦးနှင့် သက်ကြီးပိုင်း အသက် ၅၂ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူတို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

(၇) မိုင် စစ်ကောင်စီတပ်စခန်းမှသည် လက်နက်ကြီးများအား ယမန်နေ့ နေ့လယ်ပိုင်းအထိ ပစ်ခတ်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

" ၂နာရီ၂၀မှာ တကြိမ် လက်နက်ကြီးလား၊ ဗုံးသီးလား မသိဘူး ထပ်ပေါက်ပြန်တယ်။ ပသိဆည် ပျားစခန်းနားပဲ။ လေယာဥ်သံလည်း ကြားတော့ ရွာသားတွေ ကြောက်လန့် ရတာပေါ့" ဟု KNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

ဒေသတွင်းသတင်းရင်းမြစ်တဦး​၏ ပြောကြားချက်အရ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်က သံတောင်ကြီးမြို့နယ်၊ သံတောင်- တောင်ငူလမ်းဘေးရှိ  (၅) မိုင်နေရာတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားရကြောင်းနှင့် (၇) မိုင်ရှိ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးဖြင့် ကူပစ်ရာမှ ပျားစခန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ အရပ်သား ထိခိုက်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ 

ပစ်ခတ်မှုများအပြီးတွင် သံတောင်ကြီးမြို့နယ်၊ တောင်ငူ- သံတောင် ကားလမ်းမဘေးရှိ (၄) မိုင်စစ်ကောင်စီတပ်စခန်း၊ (၇) မိုင်စစ်ကောင်စီတပ်စခန်းတို့မှ ဖြတ်သန်းသွားလာသည့် ဒေသခံများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

သံတောင်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ (၂) အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး အဆိုပါနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်စခန်းများ၊ အထိုင်တပ်ရင်းများ၊ စစ်ကောင်စီတပ်ယာဉ်တန်းများသည် တပ်မဟာ (၂) KNLA ပူးပေါင်းတပ်ဖွဲ့များ​၏ မကြာခဏတိုက်ခိုက်ခံရလေ့ရှိကြောင်း သိရသည်။ 

ထိုသို့ပစ်ခတ်ခံရတိုင်းလည်း စစ်ကောင်စီတပ်စခန်းများက ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်လေ့ရှိကာ အရပ်သားထိခိုက်သေဆုံးမှုများ၊ နေအိမ်ပျက်စီးမှုများ ဖြစ်ပွားလေ့ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly