တန်ဖိုးနည်း မြေကွက်ဝယ်ယူခြင်းရဲ့ ဂယက်

By ကချင်လေး
06 September 2023
တန်ဖိုးနည်း မြေကွက်ဝယ်ယူခြင်းရဲ့ ဂယက်

အစိုးရ ပင်စင်ဆုကြေးချီးမြှင့်ငွေများနှင့် ဦးထက်အောင် (အမည်လွှဲ) တယောက် လယ်ယာမြေမှာ အိမ်ကွက်ရိုက်ရောင်းချနေသည့် သိန်း ၅၀ တန် ပေ ၄၀ ပတ်လည် မြေကွက်တခုကို အကြိမ်ကြိမ် စဥ်းစားဆုံးဖြတ်ကာ ဝယ်ယူလိုက်သည်။

အငြိမ်းစားကျောင်းဆရာတဦးအနေနဲ့ လယ်မြေကို အိမ်ကွက်ရိုက် (တရားမဝင်) ရောင်းချမှုများ ဝယ်ယူရန် မလုပ်ဆောင်သင့်မှန်း သိပေမဲ့ ထိုစဥ်အခါက မြေစာရင်းရုံးဝန်ထမ်းအချို့၏ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိရန် လျှောက်ထားပေးမှုများကြောင့် ဦးထက်အောင်တယောက် အိမ်ကွက်ရိုက်ရောင်းချနေသည့် လယ်မြေတခုကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ အခကြေးငွေပေးကာ လယ်မြေများကို အခြားနည်းအသုံးပြုခွင့် ပုံစံများကို လျှောက်ထားရယူနိုင်သည့် အနေအထားကြောင့် အခုလို တန်ဖိုးနည်း မြေကွက်တကွက်ကို နှစ်ကြိမ်အ ရစ်ကျ ပေးချေခြင်းနဲ့ ဝယ်ယူခဲ့လိုက်သည်။

သို့သော် ခြံမြေရောင်းဝယ်ခြင်း စာချုပ်ချုပ်ဆိုမည့်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးကျော်ကျော်ဝင်း ဦးဆောင်သည့် လယ်ယာမြေ စီစစ်ရေးကော်မတီက လယ်မြေများ အကွက်ရိုက်ရောင်းချမှုများကို မြစ်ကြီးနားမြို့နယ်မှ စတင်ကာ စိစစ်ကန့်သတ်လိုက်ပါတော့သည်။

ထိုအခါ အရောင်းအဝယ်ပြုလုပ်နေဆဲ ဦးထက်အောင် ဝယ်ယူရန် စရန်ငွေ ၁၀သိန်းပေးထားသည့် ပလန(၃) ယခုထိုင်တော်မူရုပ်ပွားတော်ဘုရားအနီးရှိ လယ်မြေမှာ အစိုးရ၏ ကန့်သတ်မှုတွင် ပါဝင်သွားပါသည်။

မြေဝယ်ယူရန် ပွဲစားထံ စရန်ငွေသပ်ထားသော ငွေကျပ် ၅၀၀,၀၀၀ ကို ပြန်ရရှိနိုင်ခဲ့ပေမယ့် အခြားသုံးစွဲခွင့် လျှောက်ထားရန် အခကြေးငွေပေးဆောင်ထားသည့် မြေစာရင်းဝန်ထမ်းမှာ ပြည်နယ်အစိုးရ၏ အပြစ်ပေးအရေးယူမှုကြောင့် နယ်မြေပြောင်းရွေ့ခံလိုက်ရသည့်အတွက် အဆက်အသွယ် ပြတ်တောက်သွားကာ ငွေဆုံးရှုံးသွားတော့သည်။

ယင်းဖြစ်ရပ်က  NLD အစိုးရလက်ထက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း လယ်မြေများကို အိမ်ကွက်ရိုက်ရောင်းချခြင်းအား စိစစ်ကန့်သတ်လာသည့် ဖြစ်ရပ်တခု ဖြစ်သည်။

လယ်မြေကို အခြားနည်းအသုံးပြုခွင့်ရသည်ဆိုတိုင်း အိမ်ကွက်ရိုက်ပြီး ရောင်းချခြင်းမပြုနိုင်ပါ။ အိမ်ကွက်ရိုက်၍ ရောင်းချရာတွင်လည်း ဝယ်ယူသူများ မြေဂရန်ရရှိစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြေနယ်နမိတ် တိုင်တာသက်မှတ်ရေး ဥပဒေ၊ မြို့နှင့် ကျေးရွာမြေများ အမိန့်ဆင့်ဆိုချက်တို့အရ အစိုးရက စီမံခန့်ခွဲရှိသောမြေဖြစ်ရန် လိုသည်။

အကယ်၍ အခြားနည်းအသုံးပြုခွင့် လယ(၃၀) ရရှိပြီးသားဆိုလျှင် မည်သည့်နည်းလမ်းဖြင့် အသုံးပြုခွင့် ခွင့်ပြုထားသလဲဆိုတာ စစ်ဆေးဖို့လိုအပ်ပါမည်။

ထိုသို့ ခွင့်ပြုချက်မရှိသည့် အကွက်ရိုက်လယ်ယာမြေကို ဝယ်ယူပါက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရ နိုင်သည့်အတွက် ယင်းမြေ များကို မဝယ်သင့်ဟု စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အသိပေးထုတ်ပြန်ထားသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကွက်ရိုက်လယ်ယာမြေ ရောင်းဝယ်မှုများက တနေ့ထက်တနေ့ ပိုမိုများပြားလာနေပါသည်။

“လယ်ယာမြေဥပဒေပုဒ်မ ၁၂ (စ)မှာ လယ်ယာမြေများကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြုရလို့ စည်းကမ်းချက်အနေနဲ့ တိတိကျကျ ပြဋ္ဌာန်းထားပြီဖြစ်ပါတယ်။ ဒီလိုစည်းကမ်းချက်တွေကို လိုက်နားခြင်းမရှိဘဲ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုမယ်ဆိုရင် အရေးယူဆောင်ရွက်နိုင်ဖို့ ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းပေးထားပြီဖြစ်ပါတယ်” ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ပြောဆိုထားသည်။

သို့သော် လယ်ယာမြေများမှာ မြေဖို့ပြီး မြေညှိကာ အိမ်ကွက်ရိုက် ရောင်းချခြင်းများကို အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါ်ထင်ထင်ကို လုပ်ဆောင်လာနေကြသည်။

လယ်ယာမြေနဲ့ ဥယျာဥ◌်ခြံများကို မြေဖို့၊ မြေညှိကာ အကွက်ရိုက်ရောင်းချခြင်းများက ယခင်ကတည်းက တရားမဝင်လုပ်ဆောင်လာနေခဲ့တာကြောင့်  NLD အစိုးရက သက်ဆိုင်ရာ ပြည်နယ်အလိုက် ပါဝင်လုပ်ဆောင်နေသူများကို အပြစ်ပေးအရေးယူဖို့ ကြိုးစားခဲ့သည်။ သို့သော် အရေးယူမှုတွေက ထိရောက်မှုအားနည်းခဲ့ပြီး ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ဖို့ ပြင်ဆင်နေတုန်းမှာပဲ စစ်တပ်ရဲ့ နောက်တဖန် အာဏာသိမ်းမှု ဖြစ်ပွားလာတဲ့အတွက် အကွက်ရိုက်မြေ စိစစ်ရေးကိစ္စရပ်တွေက တစတစနဲ့ ပျောက်ကွယ်သွားရပါတော့သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ နှစ်ဦးကတည်းက လယ်မြေများကို မြေဖို့အကွက်ရိုက် ရောင်းချမှုတွေ ခပ်စိတ်စိတ် ပြန်လုပ်လာကြသည်။ အာဏာမသိမ်းမီက  မြို့နဲ့နီးသည့် နေရာများတွင်သာ အကွက်ရိုက်ရောင်းချခဲ့ကြပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်နယ်အတွင်းက ရပ်ကွက်ကျေးရွာ အနီးအနားသာမက ကျေးရွာအတွင်းမှာတင် အကွက်ရိုက်ရောင်းချမှုတွေ လုပ်ဆောင်လာကြသည်။

ထိုသို့ ဖြစ်ပွားလာသည့် အခြေအနေနဲ့ ပက်သက်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အိမ်ခြံမြေ အကျိုးတော်ဆောင် တဦးကတော့ အခုလိုသူရဲ့အမြင်ကို ပြောပြခဲ့ပါသည်။

“တရားစွဲကြတဲ့အခါ ဘာတွေ့ရလဲဆိုတော့ ရောင်းတဲ့သူက လယ်အနေနဲ့ပဲရောင်းတယ်။ အကွက်ရိုက်ပြီး မရောင်းဘူး။ လယ်မြေအနေနဲ့ပဲ ရောင်းတာအဲ့လိုမျိုးတွေ့ရတယ်။ ပုံစံ(၇)တွေကို နာမည်ပြောင်းဖို့ မြေစာရင်းမှာသွားလုပ်ပြီး ရောင်းကြ၊ ဝယ်နေကြတယ်။ အခုလုပ်နေတာက စည်းလွတ်ဘောင်လွတ်၊ စည်းမဲ့ကမ်းမဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလောက်နဲ့ပဲ စာချုပ်ချုပ်ပြီး ရောင်းကြဝယ်နေကြတာလေ။ ငါတို့တောင်မသိဘူး။ လယ်မြေကို အခြားနည်းသုံးစွဲခွင့်ကလည်း ပိတ်ထားတာကြာပြီကော။ တနှစ်ကျော်လောက်တောင် ရှိနေပြီ” ဟု သူက ပြောသည်။

ဒီလို ရောင်းချခြင်းများနဲ့ ပက်သက်ပြီး အဓိကတာဝန်ယူ စိစစ်ရသည့် ကချင်ပြည်နယ် မြေစာရင်းရုံးများသို့ အကြိမ်ကြိမ် ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လယ်ယာမြေ ဦးစီးဌာန၏ စီမံခန့်ခွဲမှု အားနည်းခြင်း၊  ခေတ်အဆက်ဆက် သက်ဆိုင်ရာဦးစီးဌာနများအနေဖြင့် ဒေသခံလယ်သမားများနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းခဲ့ခြင်းတို့ကြောင့်  လယ်မြေကို အကွက်ရိုက်ရောင်းတဲ့ ကိစ္စရပ်တွေက ဖြစ်ပွားလာနေဆဲ ဖြစ်တယ်လို့ ဆိုကြသည်။

မြစ်ကြီးနားမြို့ခံ တဦးဖြစ်တဲ့ ဦးအောင်လွင်ကတော့ “လယ်ကို မရောင်းရဘူးမဟုတ်ဘူး။ ရောင်းလို့ဝယ်လို့ရတယ်။ ဒါပေမယ့် လယ်ကိုလယ်အဖြစ်သာ ရောင်းရမယ်။ မင်းလယ်လုပ်ချင်လို့ လယ်ဝယ်တာလေ။ အဲ့ဒီတော့ ဝယ်ထားတဲ့လယ်ကို မင်းဟာမင်း ဆိုင်ရာဆိုင်ရာနဲ့ အခြားမြေအဖြစ်ပြန်ပြောင်း။ အခု လယ်ကိုအိမ်ကွက်ရိုက်ရောင်းနေကြတာက အဓိကပြောရမယ်ဆိုရင် လယ်ကို လယ်အတိုင်းရောင်းရင် အိမ်ခြံမြေဈေးမရနိုင်ဘူး၊ ဒါပါဘဲ။” ဟု ပြောသည်။

သူက ရှေ့နေများနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မတော်လောဘကြောင့်ဖြစ်လာရသည်ဟု အပြစ်တင်ပြောဆိုသည်။

ဥပဒေကို ကောင်းမွန်စွာနားမလည်သော လယ်မြေရှင်အချို့နှင့် ပွဲစားများ၏ ဗဟုသုတနည်းပါးမှုအပြင် တန်ဖိုးနည်းမြေကွက်များ ခိုင်မာမှုမရှိသည်ကို မသိနားမလည်ဘဲ အိမ်ပိုင်လိုစိတ်နဲ့ ဝယ်ယူနေကြသော အခြေခံလူတန်းစားများနဲ့ လုပ်ငန်းရှင်အချို့ရဲ့ ပိုင်ဆိုင်မှုလွန်ကဲလိုခြင်းတို့ကြောင့် အကွက်ရိုက်လယ်ယာမြေ ရောင်းချမှုများ အရင်ကထက် များလာနေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ထမ်းအချို့ရဲ့ ပိုင်ရာပိုင်ကြောင်း ကိုယ်ကျိုးစီးပွား တခုအတွက်ပဲ မျက်နှာမူလုပ်ဆောင်လာမှုတွေကြောင့် အခုလို လယ်မြေကို အိမ်ခြံမြေအကွက် ရောင်းခြင်း ဝယ်ခြင်း ဈေးကွက်တွေက ဖြစ်ပေါ်လာနေခဲ့ရကြောင်း တရားလွတ်တော်ရှေ့နေတဦးဖြစ်သည့် ဦးမောင်သိန်း (အမည်လွဲ)က ပြောသည်။
 
“အဓိကတော့ ရပ်ကျေးဥက္ကဋ္ဌတွေနဲ့ ပိုင်တယ်ဆိုပြီး ကောက်လုပ်နေကြတာရယ်၊ နောက်ပြီး မြေစာရင်းဝန်ထမ်းအချို့ရဲ့ လစာနည်းတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အားလုံးက ပိုင်ရာပိုင်ကြောင်း၊ အေးရာအေးကြောင်း လုပ်နေကြတာလေ။ ဒါတွေကြောင့်ပဲ အရောင်းအဝယ်ဈေးကွက်တွေ ဖြစ်နေရတာပေါ့” ဟု သူက ပြောသည်။

၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၃ (ဃ)အရ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရသူက ရောင်းချခွင့်ရှိပါသည်။ ပုံစံ (၇) ကိုအရောင်းအဝယ် ပြုလုပ်ကြရာမှာလည်း ရောင်းသူဝယ်သူ နှစ်ဦးသဘောတူ စာချုပ်ချုပ်ရုံနဲ့ မလုံလောက်ဘူးလို့ ဥပဒေပညာရှင်များက ဆိုသည်။

ပုံစံ (၇ ) ဆိုတာက လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ကို ဆိုလိုတာ ဖြစ်သည်။ အဲ့ဒီ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်နဲ့ပူးတွဲပြီး ပုံစံ (၁၀၅) ဖြစ်တဲ့ မြေပုံမြေရာဇဝင် ပါရှိရသည်။ မြေစာရင်းပုံစံ ၁၀၅ / ၁၀၆ ရထားခြင်းသည်လည်း မြေယာပိုင်ဆိုင်ကြောင်း အထောက်အထား မဟုတ်ပါ။ မြေနယ်နမိတ်သက်မှတ်ချက်နှင့် မြေရာဇဝင်သာ ဖြစ်သည်။  

လယ်ယာမြေဥပဒေပုဒ်မ ၁၈ နဲ့ နည်းဥပဒေ ၂၄ (က) နဲ့(ခ)အရ လယ်ယာမြေအရောင်းအဝယ်ပြုလုပ်ရာမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရှေ့မှာ သတ်မှတ်ထားတဲ့မြေတန်ဖိုးအတိုင်း တံဆိပ်ခေါင်းကပ်ပြီး အခွန်ဆောင် စာချုပ်ချုပ်ဆိုရပါမည်။ စာချုပ်ချုပ်ဆိုတဲ့နေ့ကစပြီး ရက်ပေါင်း ၁၂၀ အတွင်းကို သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာနမှာ မှတ်ပုံတင်တင်မှသာ ဥပဒေနဲ့အညီ တရားဝင်လွဲပြောင်းခွင့်ရမှာပါ။

“မှတ်ပုံတင်ပြုလုပ် ဝယ်ထားခြင်းမဟုတ်ဘဲ ပုံစံ (၇) လက်ဝယ်မရှိသူက မြေကွက်ကို အကွက်ရိုက်ရောင်းတဲ့ ကိစ္စရပ်နဲ့ပက်သက်လို့က ပြင်ဆင်တဲ့ဥပဒေပုဒ်မ - ၃၇ (က)မှာ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးငွေကျပ် ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ပုံစံ (၇)မရသေးသူထံမှ အကွက်ရိုက်မြေကွက်ကို မဝယ်သင့်”ဟု မြေယာဥပဒေကျွမ်းကျင်သူတဦးက အကြံပြုသည်။  

လယ်ယာမြေဥပဒေက အတိအလင်း ပြဋ္ဌာန်းထားသော်လည်း ဒေသခံမြေအရောင်းအဝယ်သမားများ၊ လယ်သမားများက အကွက်ရိုက်လယ်ယာမြေများ ရောင်းချနေကြသည်ကို တွေ့ရှိရသည်။ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေသော စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် ထွေအုပ်နဲ့ အကျင့်ပျက် ကိုယ်ကျိုးရှာ မြေစာရင်းဝန်ထမ်းအချို့ကြောင့် လယ်မြေကို အကွက်ရိုက်ရောင်းချခြင်း ဈေးကွက်က ဆက်လက် ရှင်သန်အား ကောင်းနေဆဲဖြစ်သည်။ အကယ်၍ ဥပဒေအကြောင်းအရ အတိအကျ ဆောင်ရွက်လာပါက ပင်စင်စား ဦးထက်အောင် (အမည်လွှဲ)ကဲ့သို့ ဝယ်ယူသူ အခြေခံလူတန်းစားများ၏ ချွေးနှဲစာများသာ ဆုံးရှုံးနစ်နာကြရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly