ကချင်တွင် အင်အားဖြည့်တင်းရန် ဗန်းမော်မှ ထွက်လာသည့် စစ်ကောင်စီယာဥ်တန်း ၈ ရက်ကြာသည်အထိ မိုင် ၂၀ ခန့်သာ ခရီးရောက်သေး

By အဂမ် (မဇ္ဈိမ)
06 September 2023
ကချင်တွင် အင်အားဖြည့်တင်းရန် ဗန်းမော်မှ ထွက်လာသည့် စစ်ကောင်စီယာဥ်တန်း ၈ ရက်ကြာသည်အထိ မိုင် ၂၀ ခန့်သာ ခရီးရောက်သေး
ပုံအညွှန်း- စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ(ဓာတ်ပုံ-ပေးပို့)

ကချင်ပြည်နယ် ဗန်းမော်မြို့မှ  ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က ထွက်လာသည့် စစ်ကောင်စီ ယာဥ်တန်းသည်  ယမန်နေ့ စက်တင်ဘာလ ၅ ရက် ရှစ်ရက်အကြာတွင် ဗန်းမော်မြို့မှ မိုင် ၂၀ ဝန်းကျင်ကွာဝေးသည့် မြို့သစ်ကျေးရွာသို့သာ ရောက်ရှိသေးကြောင်း ဒေသခံများထံက သိရသည်။ 

ထိုအကွာအဝေးသည် ဒေသခံများ မနက်သွား ညပြန် စျေးရောင်းထွက်သည့် ခရီးသာဖြစ်ပြီး  ဗန်းမော်မြို့မှ မြို့သစ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် နှစ်နာရီခန့် ၊ ကားဖြင့် တနာရီခန့်သာ မောင်းရကြောင်း ဒေသခံများထံက သိရသည်။ 

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီးရှိ  နမ်ဆန်ယန်ကျေးရွာသို့ စစ်အင်အားဖြည့်တင်းရန် ထွက်လာသည့် တပ်မ ၈၈ လက်အောက်ခံ ထိုယာဥ်တန်းသည် စက်တင်ဘာလ ၄ ရက် ည ၈ နာရီခန့်က ဒေါ့ဖုန်းယမ်မြို့နယ်ခွဲအကျော်  မြို့သစ်ကျေးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ အထိ ထိုနေရာတွင်သာရှိသေးကြောင်း သိရသည်။  ထိုစစ်ကောင်စီယာဥ်တန်းကို KIA တပ်ဖွဲ့ဝင်များက လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ် တဦးကပြောသည်။ 

" တိုက်ပွဲကြီးကြီးမားမားကြီး ဖြစ်တာတော့မဟုတ်ဘူး။ ယောက်ဖ(ကေအိုင်အေတပ်ဖွဲ့)တွေက သူတို့ရဲ့ (စစ်ကောင်စီယာဥ်တန်း) လမ်းကြောင်း ရှေ့ဆက်သွားတဲ့အခါ နှောင့်နှေးနေစေဖို့ ဟန့်တားပစ်ခတ်ကြတာ ဟုတ်တယ်။ ဒါပေမဲ့ဒီဘက်လမ်း (ဗန်းမော်လမ်းပိုင်း)က အရင်လိုမဟုတ်တော့ဘူးလေ။ ယောက်ဖတွေဘက်က ခြေကုပ်အပိုင်ရယူထားတာမျိုး ရှိလာနေပြီမို့ စစ်ကြောင်းတက်လာတိုင်း သွားသွားတိုက်တာမျိုးလုပ်ရင် သူတို့ (စစ်တပ်) က ထိခိုက်မှုရှိနေရတာလေ" ဟု ၎င်းက ပြောသည်။

 ပိတ်မိနေသည့် စစ်ကောင်စီတပ်သည်  မြို့သစ်ကျေးရွာအနီးရှိ  တာပိန်မြစ်ကူးတံတား(ဒေသအခေါ် ကိုးမိုင်ဂိတ်)ကို စက်တင်ဘာလ ၅ ရက် မနက်ပိုင်းက စတင်၍  ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိသည်။  မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးစစ်ဆေးရေးဂိတ်သည် တာပိန်မြစ်ကူးတံတားတွင်တည်ရှိသည်။ 

“ကြိုးတံတားဂိတ်မှာ ပိတ်ထားတယ်။ မဖြတ်ခိုင်းဘူး။ ကြိုးတံတားဂိတ်မှာ ပိတ်ထားလို့ ပြန်ကွေ့ခဲ့ရတယ်။  တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ သူတို့ (စစ် တပ်)ရဲ့  လက်နက်ကြီးပစ်သံတွေတော့ ကြားနေရတယ်” ဟု ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေ၍ ယင်းဒေသမှ နေအိမ်များအပြင် စစ်ရှောင်များရှိရာ ဘုန်းကြီးကျောင်းတွင်လည်း ထိမှန်ပျက်စီးမှုများရှိခဲ့ကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းရရှိသည်။ ထို့ပြင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် စီဟက်ကျေးရွာမှ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုစစ်ကောင်စီ ယာဥ်တန်းသည် နမ်ဆန်ယန်ရွာသို့ ရောက်ရှိရန် ကုန်လော၊နွမ်လန်း အစရှိသည့် ကျေးရွာအုပ်စုများကို ဖြတ်သန်းသွားရဦးမည်ဖြစ်သည်။ ထိုကျေးရွာအုပ်အုပ်စုများ အနီးတွင် KIA က စစ်ကောင်စီ လေယာဥ်များကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ အတွင်းက ပစ်ချခဲ့ဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly