စစ်ကောင်စီတပ်ဖွဲ့ယာဉ်အား မိုင်းဆွဲတိုက်ခိုက် တပ်ကြပ်အပါအဝင် ၃ ဦးသေဆုံးဟုဆို

By ၀၀၈ မန္တလေး(မဇ္ဈိမ)
06 September 2023
 စစ်ကောင်စီတပ်ဖွဲ့ယာဉ်အား မိုင်းဆွဲတိုက်ခိုက် တပ်ကြပ်အပါအဝင် ၃ ဦးသေဆုံးဟုဆို
ဓာတ်ပုံ-Bagan-Nyaung -U Special Task Force) ၊ တိုက်ခိုက်ခံထားရသော ကားအားတွေ့ရစဉ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ဘောလုံးပြိုင်ပွဲကို လုံခြုံရေးယူ ကင်းပတ်ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တစီးအား မိုင်းဆွဲ တိုက်ခိုက်ရာ တပ်ကြပ် အောင်စိုးမိုး အပါအဝင် သုံးဦးသေဆုံးကြောင်း ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့ ထံမှသိရသည်။

ညောင်ဦးမြို့၊အမှတ် (၅) ရပ်ကွက် ရွှေစည်ခုံဘုရားအနီးရှိ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်နေသည့် စစ်ကောင်စီ မြို့နယ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို လုံခြုံရေးယူ ကင်းပတ်ပေးနေသည့် ကားတစီး စက်တင်ဘာ ၄ရက်၊ ညနေ ၄နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

“လေးရက်နေ့ ညနေပိုင်းဖြစ်သွားတာပါ။ ပြိုင်ပွဲကတော့ ရပ်လိုက်တယ်။သေတာပေါ့ တပ်ကြပ် ကိုအောင်စိုးမိုးသေတယ်။ တပ်သားတဦးနဲ့အရပ်ဝတ်နဲ့ သေနတ်ကိုင်တဦးလည်းသေတယ်၊ အားလုံး သုံးဦးပေါ့။ ကားပေါ်မှာပါတာက ငါးဦးလို့သိရတယ်။ နှစ်ယောက်ကလည်း ဒဏ်ရာရသွားတယ်။”ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတဦးကပြောသည်။

ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှာ ညောင်ဦးမြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာမှ ယနေ့  နံနက်အစောပိုင်းတွင် ပခုက္ကူဆေးရုံသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားကြောင်း ဆေးရုံနှင့် နီးစပ်သူ တဦးကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Bagan-Nyaung -U Special Task Force (ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့)နှင့် Pakokku - Special Task Force (ပခုက္ကူမြို့နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့မှ မြို့ဝင် မြို့ထွက်ကို တားဆီးစစ်ဆေးမှုများလုပ်ဆောင်နေသလို ပုဂံ ၊ညောင်ဦး အနောက်ခြမ်းကျေးရွာများအတွင်း စစ်ကြောင်းထိုးနေကြောင်းသိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုဂံ၊ ညောင်ဦး မြို့အဝင်၊အထွက်နေရာများ၌ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required