စစ်ကောင်စီအတွက် နောက်ထပ်အိပ်မက်ဆိုးဖြစ်လာတဲ့ ရိုးမအရှေ့ခြမ်း

By ဓားရိုင်း
05 September 2023
စစ်ကောင်စီအတွက် နောက်ထပ်အိပ်မက်ဆိုးဖြစ်လာတဲ့ ရိုးမအရှေ့ခြမ်း
Photo - Bago Region PDF (ပုံဟောင်း)

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက အာဏာသိမ်း စစ်ကောင်စီရဲ့ ရှေ့တန်းအခြေစိုက် စခန်း ငါးခုကို ကရင် အမျိုးသားအစည်းရုံး(KNU)လက်အောက်ခံ တပ်မဟာ (၃ )က တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပဲခူး ရိုးမတစ်ကြော တိုက်ပွဲခေါ်သံတွေ ဆူညံလာတာ တွေ့ရပါတယ်။ အာဏာရှင်တော်လှန်ရေးအစပိုင်းမှာ KNU တပ်မဟာ (၃) နယ်မြေတွေမှာသာ ထိတွေ့တိုက်ပွဲတွေရှိခဲ့ရာကနေ အခုဆိုရင် စစ်တောင်းမြစ် အနောက်ဘက်ကမ်း အထိ ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ကာ/လုံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံထားတဲ့ သူတို့မထိန်း နိုင်တော့တဲ့နယ်မြေတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ တနင်္သာရီတိုင်းတို့နဲ့အတူ ပဲခူးတိုင်းအရှေ့ခြမ်းလည်း ပါဝင်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် မနက် ပိုင်းမှာတော့  ညောင်လေးပင်ခရိုင်၊ မုန်းမြို့ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းအခြေစိုက်စခန်း ငါးခုကို KNU တပ်မဟာ (၃)တပ်ဖွဲ့ဝင်တွေက တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

 မုန်းမြို့နယ်ဟာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျောက်ကြီးမြိုနယ်နဲ့ ရွှေကျင်မြို့နယ်အကြား ကျောက်တံခါးမြို့ရဲ့ အရှေ့ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။ အခု KNU သိမ်းပိုက်လိုက်တဲ့ စခန်းတွေဟာ မုန်းမြို့အရှေ့ဘက်မှာရှိတဲ့ ကော့ပြင်းစခန်းနဲ့ ကျောင်းစု စခန်း၊ မုန်းမြို့တောင်ဘက်မှာရှိတဲ့ ကြောင်ပြာ စခန်း၊ အောင်းလောင်းစိန် စခန်းနဲ့ ကျွန်းပင်ဆိပ် စခန်း တို့ဖြစ်ပါတယ်။ အဲဒီစခန်းတွေဟာ ဒေသခံလူထုကို ငွေညှစ်ရုံသာမက ဘဝလုံခြုံမှုကိုပါ ထိပါးနှောင့်ယှက်နေတာ ကြောင့် ရှင်းပစ်ခဲ့တာလို့ KNU တပ်မဟာ (၃) ကဆိုထားပါတယ်။  

အဲဒီ စခန်း ငါးခုထဲက အောင်းလောင်းစိန် စခန်း၊ ကျွန်းပင်ဆိပ် စခန်း၊ ကော့ပြင်း စခန်းနဲ့ ကျောင်းစုစခန်းသိမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ် လေးယောက်သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားခဲ့တာကိုကြည့်ရင် စစ်ကောင်စီ တပ်သားတွေအနေနဲ့ တိုက်ရည်ခိုက်ရည်သာမက စိတ်ဓာတ်ပိုင်းပါ ကျဆင်းနေပြီဆိုတာ သေချာပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲတွေထဲမှာ KNU တပ်မဟာ (၃ )အနေနဲ့ ခက်ခက်ခဲခဲ တိုက်ခဲ့ရတာဆိုလို့ စစ်ကောင်စီတပ်ရင်းမှူးတယောက် စခန်းထိုင်တဲ့ ကြောင်ပြာစခန်းတစ်ခုပဲ ရှိခဲ့တာဖြစ်ပါ တယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ MA 1 ချေမှုန်းရေးရိုင်ဖယ် ၁၃ လက်၊ ၆၀ မမ မော်တာ ၂ လက်၊ ၈၁ မမ မော်တာ တလက်အပြင် RPG ဗုံးသီး ငါး လုံးနဲ့ ခဲယမ်းတွေကို KNU တပ်မဟာ (၃ )က သိမ်းပိုက်နိုင် ခဲ့ပြီး စစ်ကောင်စီစခန်းတွေကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇူလိုင် ၂ ရက် ညနေပိုင်းမှာပဲ စစ်ကောင်စီဘက်က တိုက်လေယာဉ် တစီး၊ ရဟတ်ယာဉ် သုံးစီးနဲ့ ကြောင်ပြာရွာကို လာရောက် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား လေးယောက်သေဆုံးခဲ့ပြီး ဒေသခံတွေ ထောင်နဲ့ ချီပြီး စစ်ဘေးရှောင်နေခဲ့ရပါ တယ်။ ဒါဟာ စစ်ကောင်စီတပ်တွေရဲ့ မနိုင် နိုင်ရာကိုမဲတတ်တဲ့အကျင့်အတိုင်း ဒေသခံပြည်သူတွေကို ဒုက္ခပေး ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက် ဇူလိုင် ၄ ရက်မှာ စစ်ကြောင်း နှစ်ကြောင်းနဲ့ မုန်းမြို့ထဲကိုဝင်လာပြီး စစ်ကောင်စီဘက်က တပ်အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။ အခုလို KNU တပ်မဟာ( ၃ )ရဲ့ စခန်းသိမ်းတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းနယ်မြေတခုကို သိမ်းပိုက်လိုက်တဲ့ တိုက်ပွဲပုံစံမျိုးဖြစ်တယ်လို့  CDM ဗိုလ်ကြီး လင်းထက်အောင်ကပြောထားပါတယ်။ 

KNU သိမ်းပိုက်လိုက်တဲ့ မုန်းမြို့နယ်ထဲက စခန်း ငါးခုဟာ ပဲခူးတိုင်း တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာန ချုပ်အတွက်အရေးပါတဲ့ ရှေ့တန်းစခန်းတွေဖြစ်တာကြောင့် စစ်ကောင်စီဘက်က အလျှော့မပေးဘဲ တန်ပြန်ထိုးစစ် ဆင်တာတွေ လုပ်ဆောင်လာနိုင်တယ်လို့လည်း CDM ဗိုလ်ကြီး လင်းထက်အောင်က သတိပေးထားပါတယ်။ ဟုတ် ပါတယ်။ စစ်ကောင်စီအနေနဲ့ ကယားပြည်နယ်ကို လက်လွှတ်ရဖို့နီးလာတဲ့အခြေအနေမှာ စစ်ရေးအရ အရေးပါတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းကိုလက်မလွှတ်ဖို့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်လာမှာသေချာပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်အတွင်းမှာပဲ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ မိုင်အနည်းငယ်သာကွာတဲ့ ကျောက်တံခါး မြိုနယ်အရှေ့ ဘက် နံဇနဲ့ သမင်အင်းကုန်းရွာတို့မှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ ပါ သုံးထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေဟာ ပဲခူးရိုးမအရှေ့ခြမ်းမှာ KNU တပ်မဟာ( ၃) အပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေကိုပါ ရင်ဆိုင်နေရတာပါ။ ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ညောင်လေးပင်ခရိုင် ကညွတ်ကွင်းမြို့နဲ့ တောကျွဲအင်းကြားမှာ ကုန်ရထားတစ်စင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရတာကိုကြည့်ရင် စစ်ကောင်စီ ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အချိန်မရွေးဖြတ်တောက်နိုင်တယ်ဆိုတာ ကိုပြနေပါတယ်။ ဒါ့အပြင် သြဂုတ် ၉ ရက်ကဆိုရင်လည်း သမင်အင်းကုန်းရွာတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်း ကို တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ အထူးစစ်ဆင်ရေးတပ်ရင်း(Special Operation Commando -SOC))နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းရာမှာ ကိုးနာရီကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၃၀ လောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း တောင်ပိုင်းစစ်ဒေသဘက်က ကျဆုံးခဲ့တာဆိုလို့ အထူးကွန်မန်ဒို တပ်ဖွဲ့ဝင် တယောက်ပဲရှိခဲ့တာဖြစ်ပါတယ်။ 

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက နံဇနဲ့ သမင်းအင်းကုန်းရွာ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက် ကစပြီး ဆက်တိုက်ဆိုသလို အပြန်အလှန်စစ်ကြောင်းထိုး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ အဲဒီနောက် ညောင် လေးပင်ခရိုင်၊ ကျောက်တံခါး၊ ပိန်းဇလုပ်၊ ပဲနွယ်ကုန်း၊ ထန်းတပင်၊ မုန်း၊ ရွှေကျင်၊ ကျောက်ကြီး စတဲ့ မြို့နယ်တွေ မှာ အခုနှစ်ဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာဖြစ်ပါတယ်။

 တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ အတူ ပဲခူးအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းကို ထိန်းချုပ်နိုင်ရေးဟာ စစ်ကောင်စီအတွက်ရော တော်လှန်ရေးတပ်တွေ အတွက်ပါ အရေးပါလာနေပါတယ်။ ညောင်လေးပင်ခရိုင်ဟာ ပဲခူးရိုးမနဲ့လည်းနီးသလို အဓိကဆက်သွယ်ရေး လမ်းမကြီးဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းတို့ကို စိုးမိုးဖြတ်တောက်ထားနိုင်ဖို့ အရေးပါတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။  ဒါ့အပြင် ညောင်လေးပင်အထက်ပိုင်း တောင်ငူ၊ ရေတာရှည်၊ KNU တပ်မဟာ (၂ )နယ်မြေ သံတောင်ဒေသက တစ်ဆင့်လည်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အထိ ဆက်စပ်နေသလို အောက်ဘက် ပဲခူးမြို့နဲ့ ၄၆ မိုင်လောက်၊ ရန်ကုန်မြို့နဲ့လည်း ၉၈ မိုင်လောက်သာ ကွာဝေးတာဖြစ်ပါတယ်။ ဒီလို စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်းဒေသကို ထိန်းချုပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ KNU လက်အောက်ခံပူးပေါင်းတပ်တွေဟာ ဆယ်လမွန်စစ်ဆင်ရေး အနေနဲ့ ရိုးမအထိ ထိုးဖောက်နိုင်ဖို့ ကြိုးပမ်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ဆယ်လမွန်စစ်ဆင်ရေးနဲ့အတူ အခု နှစ်ဆန်းပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်လာခဲ့တဲ့ စစ်တောင်းမြစ် အနောက်ဘက်ကမ်းအပါအဝင် ညောင်လေးပင် ခရိုင်တခုလုံးအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်တစ်လအတွင်းမှာပဲ တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ပွားထားခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၆၆ ယောက်သေဆုံးခဲ့သလို လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် အထိပြုလုပ်ခဲ့တယ်လို့ KNU သတင်းထုတ်ပြန်ထားပါတယ်။ 

ဒီလိုထိတွေ့တိုက်ပွဲတွေအပြင် ဒေသအတွင်း စစ်ကောင်စီရဲ့ စစ်ကူ၊ ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်တဲ့အနေနဲ့ တံတားမိုင်းခွဲတိုက်ခိုက်တာတွေ အခြေစိုက်စခန်းတချို့ကို စီးနင်းသိမ်းပိုက်တာတွေကို လည်း တော်လှန်ရေးတပ်တွေက ပြုလုပ်နေတာပါ။ ထင်ရှားတဲ့တိုက်ခိုက်မှုအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်က ကျောက်ကြီးနဲ့ ပဲနွယ်ကုန်းကိုဆက်သွယ်ထားတဲ့ နတ်သံကွင်းတံတားအပါအဝင် တံတားသုံးစင်းကို မိုင်းခွဲတိုက် ခိုက်ခဲ့သလို နတ်သံကွင်းရဲစခန်းနဲ့ စစ်တပ်အခြေစိုက် နေရာလေးခုကိုလည်း တပြိုင်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း စစ်ရေးအရ အရေးပါတဲ့ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဉ်လုပ်နေသလို မြေပြင်စစ်ကြောင်းတွေ အနေ နဲ့လည်း တပ်မ (၇၇) အပါအဝင် ခလရ(၆၀)၊ ခလရ(၂၆၄)၊ ခမရ(၂၀)၊ ခမရ(၃၀၇)၊ ခမရ(၃၅၀)၊ ခမရ(၃၅၁)၊ ခမရ(၂၂၁)၊ ခမရ(၄၃၉)၊ ခမရ(၆၀၃)၊ ခမရ(၃၁၀ )တပ်တွေအပြင် ပျူစောထီး၊ ရဲစတဲ့အင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ KNU အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ စစ်တောင်းမြစ် အနောက်ဘက် ကမ်းကို ထိုးဖောက်ဝင်ရောက်လာနိုင်ပြီဖြစ်ပြီး နယ်မြေစိုးမိုးရေးအတွက် လမ်းတွေပေါ် ရှောင်တခင်စစ်ဆေးတာ တွေတောင်လုပ်လာနိုင်တာတွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေနဲ့ ကချင် နဲ့ ချင်းပြည်နယ်တို့ကိုကွပ်ကဲရတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ( ကစထ – ၁) ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်ကို နေပြည်တော် အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး ရာထူးကို ပြောင်းရွှေ လိုက်တာကိုကြည့်ရင် စစ်ကောင်စီအနေနဲ့ အရှုံးအတွက် မတည်မငြိမ်ဖြစ်နေပြီဆိုတာ ပေါ်လွင်နေပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly